ပုလောတိုက်ပွဲမှာ PDF စခန်းတစ်ခု ဆုတ်ခွာပေးလိုက်ရဟုဆို

0
142
ဓာတ်ပုံ - တိုက်ပွဲကာလ ပုလောမြို့နယ် ကဒဲရွာအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံ နေအိမ်တစ်လုံး။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းတစ်ခု ဆုတ်ခွာပေးလိုက်ရတယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ပုလောမြို့နယ် သင်္ကန်းတုန်းကျေးရွာနဲ့ ကဒဲကျေးရွာထဲကို စစ်ကြောင်းထိုးလာတာကြောင့် PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ အင်အားမမျှတာကြောင့် ကဒဲကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ရဲ့ ရှေ့တန်းစခန်းတစ်ခုကို လက်လွှတ်ပေးခဲ့ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးသွားတဲ့ ကဒဲကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းအထိ နေအိမ် ၅ ထက်မနည်း မီးလောင်ပျက်စီးသွားပြီလို့ သိရပါတယ်။

စစ်တပ်ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ ပုလောတိုက်ပွဲမှာ PDF ရဲဘော် အများအပြားကျဆုံးပြီး ကား၃ စီးအပါအဝင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့သလို PDF ဖမ်းဆီးထားတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူ ၁၃ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရေးသားနေကြပါတယ်။

မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံကတော့ စစ်ကောင်စီတပ်က ကယ်ဆယ်နိုင်ခဲ့တယ်ဆိုတဲ့ ပြည်သူတွေဟာ သူတို့ ဖမ်းဆီးထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာပြီးနောက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here