လိုင်ဇာမြို့ရှိ စစ်ရှောင်စခန်းအတွင်း နေအိမ်များ ပြန်ဆောက်လုပ်ရန် အကူအညီလိုအပ်နေ

0
149

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဒေသဖြစ်သည့် တရုတ်နယ်စပ်-လိုင်ဇာမြို့ရှိ ဖုန်လုန်ယန် စစ်ရှောင်စခန်းတွင် နေအိမ်အလုံးရေ ၁၀၀ ကျော် ပြန်လည်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ဆယ်စုနှစ် တစ်ခုကြာမြင့်လာပြီသည့် အဆိုပါ စစ်ရှောင်စခန်းတွင်းက နေအိမ်များ ယခုနှစ် မိုးတွင်းအမှီ ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်နေသည်ဟု ဖုန်လုန်ယန်စစ်ရှောင်စခန်း တာဝန်ရှိသူများက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

စစ်ရှောင်စခန်း ဒု-တာဝန်ခံ ဦးအင်ခွမ်တူးလွမ်က “ကျနော်တို့နေတဲ့ အိမ်တွေက ၂၀၁၃ ခုနှစ်မှာ ဆောက်လုပ်ထားတယ်။ မြစ်ကြီးနား KMSS ကရုဏာကနေ လုပ်ပေးတာ ဖြစ်ပါတယ်။ အဲ့အချိန်မှာ လုပ်ပေးတဲ့အိမ်တွေက အခုက ကြာလာပြီ။ ဝါးနဲ့ လုပ်ထားတယ် ဆိုရင်တော့ အောက်က အခင်းတွေလည်း တော်တော်ဆွေးသွားပါပြီ” ဟု ပြောသည်။

ဖုန်လုန်ယန် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များနေထိုင်သည့် အိမ်များမှာ ဝါးဖြင့်တည်ဆောက်ထားသည့် အိမ်များဖြစ်သည့်အတွက် ဆယ်စုနှစ်တစ်ခုကြာမြင့်လာသည့်အခါ ပျက်စီးလာသည့်အတွက် ပြန်လည်ပြင်ဆင် တည် ဆောက်ရန် အကူအညီများ လိုအပ်လာခြင်း ဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ရှောင်များသည် နေရာထိုင်ခင်း အခက်အခဲကြောင့် မိသားစုနှစ်စုပေါင်း၍ နေအိမ်တစ်လုံးတည်းတွင် နေနေကြရသည်ဟု ဆိုသည်။

အိမ်မိသားစုတစ်စုလျှင် လူဦးရေ အနည်းဆုံး ၃ ဦးမှ ၁၀ ဦးအထိရှိသည်ရာ အချို့နေအိမ်များတွင် လူဦးရေ ၁၅ ယောက်ထက်မနည်း နေရသည့် အိမ်များပင်ရှိနေသည်ဟု စစ်ရှောင်များက ပြောသည်။

အရေးပေါ် ပြန်လည်ပြုပြင် တည်ဆောက်ရန် လိုအပ်နေသော အိမ်ထောာင်စုစာရင်းမှာ တစ်အိမ်ထောင်စနစ်ဖြင့်ဆိုပါက အိမ်အလုံးရေ ၁၁၂ လုံးဖြစ်ပြီး နှစ်အိမ်ထောင်စနစ်ဖြင့်ဆိုပါက အိမ်အလုံးရေ ၆၀ လုံး တည်ဆောက်ရန် လိုအပ်နေသည်ဟု ဆိုသည်။

စစ်ရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်၍ “ဖြစ်နိုင်ရင်တော့ ဒီမှာ ကျနော်တို့က ဘယ်အချိန်ကာလမှ ကိုယ့်ရဲ့ ဒေသပြန်လာရမှာလဲ မသိဘူးလေနော်။ ဒါပေမယ့် ကြာလာလေလေပဲ။ အရင်က အိမ်ဆောက်ပေးတယ်ဆိုရင်လည်း ခေတ္တလိုလိုနဲ့ ဆောက်ပေးထားတဲ့ တဲတွေလေ။ အဲ့ဒါကို တစ်ခန်းက အိပ်ခန်း၊ တစ်ခန်းက ဧည့်ခန်းပေါ့ အဲ့လိုမျိုး လုပ်ထားတယ်။ အဲ့လိုမျိုးဆို ဒီလူများတဲ့ အိမ်ဆိုရင်တော့ တော်တော်လေး အခက်အခဲ ကြုံရတယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

စစ်ရှောင်များအတွက် ပြုပြင်တည်ဆောက်ရန် လိုအပ်နေသည့် အိမ်များကို ယခုကဲ့သို့ ပွင့်လင်းရာသီကာလအတွင်း ပြုပြင်နိုင်ခြင်းမရှိပါက မကြာခင်ရောက်လာတော့မည့် မိုးတွင်းကာလတွင် ပိုမိုခက်ခဲလာမည်ဟု ပြောသည်။

ယခု ဖုန်လုန်ယန်စစ်ရှောင်စခန်း တည်ရှိသည့်နေရာမှာ ချောင်းနံဘေးတွင် တည်ရှိခြင်းဖြစ်ပြီး မိုးတွင်းကာလတွင်လည်း နှစ်စဉ် ချောင်းရေကြီးမှုကို ကြုံရသည့် စစ်ရှောင်စခန်းဖြစ်သည်။

လက်ရှိ စစ်ရှောင်များနေနေကြရသည့် ဝါးအိမ်များကို ကရုဏာလူမှုကူညီရေးအသင်းက ၂၀၁၃ ခုနှစ်က ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နေအိမ်များပြုပြင်နိုင်ရေး မည့်သည့်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ ကူညီပေးခြင်းမျိုး မရှိသေးဘူးဟု စခန်းတာဝန်ခံက ပြောသည်။

စစ်ရှောင်များအား ၂၀၁၉ ခုနှစ်အထိ အရပ်ဘက်အဖွဲ့အစည်းများက စားနပ်ရိက္ခာနှင့် ပတ်သက်၍ လိုအပ်သောထောက်ပံ့မှုများ မကြာခဏလာရောက် ထောက်ပံ့ပေးခဲ့ကြသော်လည်း COVID-19 ကပ်ရောဂါ ဖြစ်ပွားလာသည့်နောက်ပိုင်းနှင့် လက်ရှိ စစ်အာဏာသိမ်းကာလအတွင်း ထောက်ပံ့မှုများ တစ်စတစ်စ လျော့နည်းသွား သောကြောင့် စစ်ရှောင်များမှာ အခက်အခဲမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်ဟု ပြောသည်။

စစ်ရှောင်များနေထိုင်ရသည့် အိမ်များမှာ ၈ပေ ပတ်လည်ရှိသော ဝါးဖြင့် ဆောက်လုပ်ထားသည့် အိမ်များဖြစ်ပြီး ဒေါ့ဖုန်းယန်၊ နားလုံ၊ ဂန်ဒေါင်နှင့် ဒဘတ်ယန်ကျေးရွာများအပြင် အခြားသော ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်လာကြခြင်းဖြစ်သည်။

လက်ရှိ ဖုန်လုန်ယန် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၇၀၅ စု ရှိပြီး လူဦးရေ ၃၇၀၄ ဦးနေထိုင်လျှက်ရှိသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here