မန္တလေး ရတနာပုံခန်းမ ကင်းစောင့်စစ်သားများ ပစ်ခတ်ခံရ၊ နှစ်ဦးသေဆုံး

0
208

မန္တလေးမြို့၊ ရတနာပုံခန်းမက ကင်းစောင့်စစ်သားများ ပစ်ခတ်တိုက်ခတ်ခံရပြီး နှစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

မန္တလေးမြို့၊ ၇၈ လမ်း ၃၈ လမ်းပေါ်က ရတနာပုံခန်းမတွင် ဇန္နဝါရီလ ၂၅ ရက်နေ့၊ ညပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ကင်းစောင့်စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု အနီးအနားက ဒေသခံများက ပြောသည်။

ရတနာပုံခန်းမအနီးက ဒေသခံတစ်ဦးက “ပေါက်ကွဲသံ ကြားပြီးမှ ပစ်ခတ်သံကြားတာ။ အပြန်အလှန် ပစ်သံလိုမျိုးလည်း ကြားတယ်။ ခဏငြိမ်သွားသေးတယ်။ ပြီးမှ သေနတ်ပစ်သံ ထပ်ကြားတာ” ဟု ပြောသည်။

ရတနာပုံခန်းမတွင် ကင်းစောင့်နေသည့် စစ်သားများကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း မြနန္ဒာစစ်ဆင်ရေးက ဇန္နဝါရီလ ၂၅ ရက်နေ့၊ ညပိုင်းမှာပင် ထုတ်ပြန်ထားသည်။

ရတနာပုံခန်းမက စစ်သားများ တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း စစ်သားနှစ်ဦးသေဆုံးသည်ဟု Acid Army PDF MDY ကလည်း သတင်းထုတ်ပြန်ထားသည်။

ရတနာပုံခန်းမ နေရာတွင် ဗုံးပေါက်ကွဲပြီးနောက် ကင်းစောင့်စစ်သားများ တိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရဘူးဟု ဒေသခံများက ဆိုသည်။

ထို့အပြင် မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖြစ် VOMDY-Front Warrior ၊ NGU:FF မြေခွေးတပ်ဖွဲ့ ၊ Acid Army PDF MDY ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန္နဝါရီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ လဝက ရုံးနှင့် လျှပ်စစ်ရုံးကြားတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ညနေ ၂ နာရီ၊ ၄၅ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရက်ကွက်ရုံးအား ပြည်သူများ မထိခိုက်စေရန် အသံဗုံးဖောက်ခွဲ သတိပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

အလားတူ ဇန္နဝါရီလ ၂၄ ရက်နေ့ကလည်း မန္တလေးမြို့၊ ၆၂လမ်း တွပ်ပီကွေ့တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြနန္ဒာစစ်ဆင်ရေးရဲ့ ပြန်ကြားရေးဗျူရိုက စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီနေကြသည့် စစ်တပ်နောက်လိုက် အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများနှင့် ရာအိမ်မှူးများကို စစ်ရေး ပစ်မှတ်အနေဖြင့် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here