မြစ်ကြီးနား မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ စစ်သား ၂ ဦး ဒဏ်ရာရ

0
150

မြစ်ကြီးနားမြို့ရှိ မြဝတီဘဏ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ ပြည် ထောင်စုလမ်းမကြီးပေါ်ရှိ မြဝတီဘဏ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာများရရှိခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

လူမှုကူညီရေးအသင်းတစ်သင်းမှ အမျိုးသားတစ်ဦးက “ဒဏ်ရာကတော့များတယ်။ တစ်ကိုယ်လုံး စုတ်ပြတ်နေတာပဲ။ အခြေအနေတော့ သိပ်မကောင်းဘူး ဂိတ်တဲစောင့်တဲ့ စစ်သားဟုတ်တယ်” ဟု ပြောသည်။

မြစ်ကြီးနား-မြဝတီဘဏ်အား အမည်မသိအဖွဲ့တစ်ဖွဲ့က မြဝတီဘဏ်အရှေ့တွင် ဗုံးဖြင့်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်ဟု အဆိုပါအသင်းမှ အမျိုးသားက ဆက်ပြောသည်။

ဗုံးဖြင့် ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဘဏ်အနီးရှိ မြေမြင့်ရပ်ကွက်အတွင်း သေနတ်ကျည်ထိမှန်ခဲ့သည့် နေအိမ်အချို့လည်း ရှိခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက အတည်ပြုပြောသည်။

မြစ်ကြီးနား မြဝတီဘဏ်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလနှင့် အောက်တိုဘာလတုန်းကလည်း လက်လုပ်မိုင်းဖြင့် အပစ်ခံခဲ့ရပြီး ထိုပစ်ခတ်ခံရမှုအတွင်း လူထိခိုက်မှုမရှိခဲ့ပေ။

ယခုဗုံးပစ်ခံရသည့် မြစ်ကြီးနား-မြဝတီဘဏ်မှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က ၇၆ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြစ်ကြီးနားတွင် ဖွင့်လှစ်ခဲ့ပြီး မြဝတီဘဏ်လီမိတက်၏ (၆၆) ခုမြောက် ဘဏ်ခွဲလည်းဖြစ်သည်ဟု ဘဏ်ဝန်ထမ်းများက ပြောသည်။

အလားတူ ဇန္နဝါရီလ ၂၁ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ရှိ ခလရ ၂၁ တပ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့တွင်းစစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု မြို့ခံများက ပြောသည်။

ဇန္နဝါရီလ ၂၁ ရက်နေ့မှစတင်၍ ဇန္နဝါရီလ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗလမင်းထင်တံတားအပါအဝင် မြို့၏ နေရာအတော်များများတွင် စစ်ဆေးမှုများ တင်းကြပ်ခဲ့ပြီး လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များကို စစ်ဆေးမှုပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here