လက်နက်ကြီးကြောင့် ဒီးမော့ဆိုမြို့မှ သားအမိ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

0
187

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇန်နဝါရီလ ၂၂ ရက် ည ၈ နာရီခွဲဝန်းကျင်လောက်မှာ ဒီးမော့ဆိုမြို့နယ် တစ်နေရာမှ ၅ နှစ်အောက် ကလေးငယ်နှစ်ဦးနဲ့ အသက် ၃၀ အရွယ် မိခင်ဖြစ်သူ သားအမိ သုံးဦး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အမေဖြစ်သူကတော့ ခြေထောက် နှစ်ဖက်စလုံးကို ထိခိုက်ထားပြီး သားအကြီးမှာ ထိခိုက်ဒဏ်ရာနည်းပေမယ့် ၂ နှစ်အရွယ်သာရှိသေးတဲ့ အငယ်ဆုံး ဒူး၊ ခြေတောက်အပြင် လက်မလည်း ပြတ်ထွက်သွားတယ်လို့ အဖိုးဖြစ်သူက ပြောပါတယ်။

”အမေဖြစ်သူကတော့ ခြေထောက်မှာ ထိတယ်။ အကြီးကြီးပဲ။ ဘယ်ဘက်မာကော ညာဘက်မာကော နှစ်ဘက်လုံးထိတယ် ကြေမွကုန်တယ်။ သားအကြီးတစ်ယောက်တော့ နည်းနည်းပဲထိတယ်။ အငယ်ဆုံးတစ်ယောက်ကတော့ ၂ နှစ်ပဲရှိသေးတယ်။ သူ့ခြေထောက် ဒူးမှာထိတယ်။ အောက်ဘက်မှာလည်း ထိတယ်။ လက်မာလည်းထိတယ်။ လက်မက ပြတ်သွားတယ်။ ကျန်တဲ့လက်တွေလည်း အဆင်မပြေတော့ဘူး” လို့ အဖိုးဖြစ်သူက ပြောပါတယ်။

လက်နက်ကြီးဟာ သူတို့နေထိုင်တဲ့ အိမ်ခေါင်မိုး အပေါ်တည့်တည့်ကျလာတာဖြစ်ပြီး နေအိမ်လည်း မီးလောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ သားအမိ သုံးဦးကတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိပေမယ့် သူ့မြေးအနာဂတ်အတွက်တော့ စိုးရိမ်တယ်လို့ အဖိုးဖြစ်သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တချို့ကျေးရွာတွေထဲကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်ဆီးသွားတဲ့အပြင် နွားတစ်ကောင်လည်း ဘယ်ခြေထောက်ပြတ်သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်း ၄ နာရီခွဲ ဝန်းကျင်လောက်ကတည်းက ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင်ဖက်တကျောမှာလည်း ဇန်နဝါရီလ အစောပိုင်းကတည်းက စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီးမော့ဆို အရှေ့ခြမ်းကတော့ လက်နက်ကြီးကျတာရှိပါတယ်။ လက်နက်ကြီး ပစ်တာ အများကြီးရှိတယ်။ ခြောက်မိုင်ဖက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတယ်ပေါ့။ ဒီမနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ရှိနေတုန်းပဲဖြစ်ပါတယ်။“ လို့ သူက ပြောပါတယ်။

ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်ကနေပြီး ယမန်နေ့ညနေ ကတည်းကနေ ဇန်နဝါရီလ ၂၃ ရက် မနက်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီ နယ်စပ်တွေမှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုမှာ ကလေးငယ်အပါအဝင် အနည်းဆုံး ၁၁ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here