ရန်ကုန်တိုင်း စစ်ကြောရေးတာ၀န်ခံအပါအ၀င် (၄) ဦးကို ရှင်းလင်းကြောင်း Bago Region PDF ထုတ်ပြန်

0
169
ဓာတ်ပုံ - ရန်ကုန်တိုင်း စစ်ကြောရေးတာ၀န်ခံ ဗိုလ်မှူးသန်းထွဋ်

ရန်ကုန်တိုင်း စစ်ကြောရေးတာ၀န်ခံ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့အပါအ၀င် (၄) ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ပြောဆိုသည်။

“ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ရှင်းလိုက်တာ၊ အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ နှစ်ယောက်ကတော့ ကားပေါ် အပြန်အလှန်ပစ်ရင်း ကျသွားတာ။ သူတို့ဆီက ဗိုလ်မှူးကြီးသူနဲ့ တပ်ကြပ်ကျတယ်။ ပနှစ်ယောက်ကို စစ်မေးဖို့ခေါ်လာတုန်း လက်နက်လုထွက်ပြေးဖို့လုပ်တော့ အဲဒီမှာ အပစ်ခံရပြီး သေတာ။ သူတို့လေးယောက်လည်း ကျသွားတယ်။ လက်နက်ငယ်လေးတချို့လည်း သိမ်းဆည်းမိတယ်” ဟု တော်လှန်ရေးအဖွဲ့၀င် တစ်ဦးက ပြောသည်။

ဗိုလ်မှူးသန်းထွဋ်သည် ဒု-ဗိုလ်မှူးကြီး အစမ်းခန့်တာဝန်ဖြင့် PDF များ၏ UG ၏ သတင်းကွင်းဆက်များကို လိုက်လံစုံစမ်းပြီး လက်နက်များ ၀ယ်ယူမည်ဟု အကြောင်းပြကာ တော်လှန်ရေးအဖွဲ့၀င်များအား ဖမ်းဆီးခြင်းများ ပြုလုပ်မှုကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း Bago Region PDF က ပြောသည်။

ရှင်းလင်းခံရမှုဖြစ်စဉ်သည် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်အပါအ၀င် (၄) ဦး လိုက်ပါစီးနှင်းမောင်းနှင်လာသည့် YGN 2N/6158 Toyota VanGuard ကားဟု YUA အဖွဲ့၏ သတင်းပေးပို့ချက်အရ ကင်းပုန်း၀ပ်စောင့်နေသည့်အဖွဲ့မှ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁) မိုင်တွင် အသွင်ယူဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဖမ်းဆီးမှုပြုလုပ်စဉ် ယာဉ်ပေါ်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့၀င် ၂ ဦးမှ အသင့်ပါလာသော လက်နက်များဖြင့် ပြန်လည်ခုခံသဖြင့် တော်လှန်ရေးတပ်ဖွဲ့၀င်များ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Bago Region PDF က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပါလာသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးအား စစ်မေးမှုများပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင်လာစဉ် လက်နက်လုယူထွက်ပြေးရန် ကြိုးစားလာမှုကြောင့် တော်လှန်ရေးရဲဘော်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးလျက်သာ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်ကြောင့် 9 mm ပစ္စတို (၂) လက်၊ ကျည် (၁၂) တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here