ကသာမြို့နယ် မိုးတားလေးရွာအား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၇ ဦး သေဆုံး

0
242

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ်က ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် လေယာဉ်နှင့် လာရောက်ဗုံးကြဲခဲ့ရာ ဒေသခံ ၇ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုးတားလေးကျေးရွာထဲ စစ်တပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့သည့်အတွက် နောက်ဆုံးရရှိထားသည့် စာရင်းအရ ဒေသခံရွာသား သေဆုံးသူ ၇ ဦး အပြင် ထိခိုက်ဒဏ်ရာရရှိထားသူများလည်း ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက “ကသာအထက် မိုတားလေးရွာထဲကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနဲ့လာတာပါ။ အလှုအိမ်မှာ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။ ဒီက အလှူအိမ်ကိုလည်း ထိတယ်။ သေတဲ့ဟာသေ၊ ဒဏ်ရာရတဲ့လူကရ ဆွဲထုတ်နေရတယ်။ အိမ်တွေလည်း ပျက်စီးကုန်တယ်။ ရွာထဲတွေရော ရွာဘေးတွေကိုရော ကြဲသွားတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်က လေယာဉ် ၃ စီးဖြင့် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမျိုးမရှိပဲ လာကြဲသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးက “နေအိမ် ၆ လုံးနဲ့ ပြည်သူပေါ့ ၇ ဦးသေတယ်လို့ သတင်းရထားတယ်။ နောက်ထပ်ရှိလည်း နိုင်သေးတယ်။ လေယာဥ် ၃ စင်းနဲ့ မြစ်ကြီးနားကနေ လာကြဲသွားတာပါ။ စစ် ကောင်စီက သူတို့လူတွေ အခြေအနေမကောင်းမှု ကြုံလာတိုင်း ပြည်သူတွေကို သတ်ဖြတ်လေ့ရှိပါတယ်။ ပေါင် ၅၀၀ ဗုံးတွေဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်” ဟု ပြောသည်။

ယခုသေဆုံးမှုစာရင်းနှင့် နေအိမ်ထိခိုက်ပျက်စီးမှုစာရင်းမှာ ဇန္နဝါရီလ ၁၈ ရက်နေ့၊ ည ၈ နာရီကျော်အချိန်ထိ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက ရရှိထားသည့် အရေအတွက်သာဖြစ်ပြီး ထပ်တိုးများလည်း ရှိနိုင် သေးသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် မြစ်ကြီးနားဘက်မှ ဆင်းလာသည့် ဂျက်ဖိုက်တာ ၃ စင်းသည် ကသာခရိုင် မိုးတားလေးရွာထဲသို့ ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချခဲ့ရာ ကျေးရွာအနောက်ပိုင်းရှိ အလှူအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျေးရွာသား ၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ များပြားသည်ဟု Northern ABSDF က ထုတ်ပြန်ထားသည်။

Northern ABSDF ၏ ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများအား ရန်သူအဖြစ် သတ်မှတ်ချေမှုန်းနေသဖြင့် ပြည်သူများ အစစအရာရာ အန္တရာယ်ကင်းစေရေး ဂရုစိုက်ကြရန်လည်း သတိပေးထားသည်။

မိုးတာလေးကျေးရွာသည် ကသာမြို့ အရှေ့မြောက်ဘက် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင်ရှိသည့် ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာတစ်ရွာဖြစ်ပြီး အာဏာသိမ်းကာလ အစောပိုင်းတွင်လည်း အဆိုပါ ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခံရမှုများ ဖြစ်ပွားခဲ့သည့် ကျေးရွာတစ်ရွာဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here