တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာ အမျိုးသား ၈ ဦး အသတ်ခံရ

0
201

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူကျေးရွာအနီးမှာ အသတ်ခံထားရတဲ့ အမျိုးသား ၈ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ အမျိုးသားတွေဟာ ရွာဟေ့လူ ရွာသားတွေဖြစ်တဲ့ ဦးအောင်ဖေ၊ ဦးဇော်ဝမ်း၊ ဦးဉာဏ်ဝင်း၊ ဦးဟန်ဒူး၊ ကိုနိင်၊ ကိုဇော်ထွေး၊ အေးချမ်းသာရွာသားတွေ ဖြစ်တဲ့ ဦးစိန်ဝင်း၊ ဦးသန်းဘိုတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမျိုးသား ၈ ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ အသတ်ခံလိုက်ရတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ရွာဟေ့လူကျေးရွာအနီး ဝါးရုံတောမှာ တွေ့ရှိခဲ့တာပါ။

အသတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဇန်နဝါရီ ၁၄ ရက်နေ့မှာပဲ ဒေသခံတွေက မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ အသတ်ခံလိုက်ရတဲ့ အမျိုးသားတွေဟာ လူကုန်ကူးမှု အရှုပ်အရှင်းကြောင့် သတ်ဖြတ်ခံရနိုင်တာဖြစ်ကြောင်းနဲ့ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်သွားလဲဆိုတာ မသိရဘူးလို့ ပြောပါတယ်။

ရွာဟေ့လူရွာဟာ တနင်္သာရီတိုင်းမှာ ထိုင်းဘက်ကို လူကုန်ကူးဖို့ အဓိက အသုံးပြုနေတာဖြစ်ပြီး လူကုန်ကူးသူတွေလည်း မျက်စိကျတဲ့ ကျေးရွာလည်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူ ၃၃၅ ဦး သေဆုံးထားပြီး ၁၂၈ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဆိုထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here