ထားဝယ်သပိတ်အဖွဲ့ဝင် လူငယ်တစ်ဦး နေအိမ်ချိပ်ပိတ်ခံရ

0
140

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်ကွက်၊ ဆေးရုံလမ်းက သပိတ်အဖွဲ့ဝင် လူငယ်တစ်ဦးရဲ့ နေအိမ်နဲ့ မြေအလွတ်တစ်ကွက်ကိုပါ စစ်ကောင်စီက ချိပ်ပိတ်သွားပြီး အိမ်တွင်းပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ဒုတိယအပတ်အတွင်း ထားဝယ်သပိတ်အဖွဲ့ဝင် ကိုတက်တိုးအောင် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ နီးပါးက ကား ၇ စီးနဲ့ ရောက်ရှိလာပြီးနောက် နေအိမ်နဲ့ ဆေးရုံအနောက်ဘက်က မိဘပိုင် ခြံကွက်ကိုပါ ချိပ်ပိတ်သွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ နေအိမ်နဲ့မြေကွက်ကို ချိပ်ပိတ်ပြီးနောက် အိမ်တွင်းပစ္စည်းတွေ ယူဆောင်သွားကြောင်းနဲ့ ဘာပစ္စည်းတွေ ယူဆောင်သွားလဲဆိုတာ မသိသေးဘူးလို့ ကိုတက်တိုးအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုတက်တိုးအောင်ကတော့ စစ်ကောင်စီအနေနဲ့ နေအိမ်တွေကို ချိပ်ပိတ်လို့ ရနိုင်ပေမယ့် တော်လှန်ရေးစိတ်ဓာတ်ကို ဘယ်တော့မှ ချိပ်ပိတ်လို့မရဘူးလို့ တုံ့ပြန်ပါတယ်။

ကိုတက်တိုးအောင် မိဘပိုင်အိမ် ချိပ်ပိတ်ခံရစဉ် မိဘတွေမှာ ခရီးလွန်တာကြောင့် ဖမ်းဆီးမခံလိုက်ရပေမယ့် မသက်ဆိုင်တဲ့ မိဘတွေပိုင်နေအိမ် ချိပ်ပိတ်ခံရတာကြောင့် မိဘတွေကို အားနာမိသလို စစ်အာဏာရှင်စနစ် အမြန်ကျရှုံးအောင် အရင်ကထက်ပိုပြီ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ထားဝယ်၊ မြို့တွင်းရပ်ကွက်၊ နိဗ္ဗာန်လမ်းက ထိုင်းဖက်ရှင်ပိုင်ရှင် မယဉ်ယဉ်ချိုပါ မိသားစုဝင် ၄ ဦးကို ဖမ်းသွားပြီး PDF တွေဖွင့်ထားတဲ့ ဆိုင်လို့ဆိုကာ ဆိုင်ရှိ တန်ဖိုးပစ္စည်းတွေနဲ့ ငွေ သိန်း ၆၀ ကျော်ကိုလည်း ယူဆောင်သွားသေးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းထားတဲ့ကာလအတွင်း နေအိမ်နဲ့ အဆောက်အဦး ၈၀၀ နီးပါး ချိပ်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here