PDF တစ်ဦး တည်းခိုခဲ့သည်ဟုဆိုကာ ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းနှင့် မိသားစုဝင်နှစ်ဦး ဖမ်းဆီးခံထားရ

0
153

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း၏ နေအိမ်တွင် PDF တစ်ဦး လာရောက်တည်းခိုခဲ့မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းအပါ မိသားစုဝင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။

မိုင်းနောင်ကျေးရွာ ဘိုသဲကုန်းရပ်ကွက်ရှိ ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်၊ အသက် ၆၃ နှစ်၏ နေအိမ်တွင် ယခုလဆန်းပိုင်းက PDF တပ်ဖွဲ့ဝင်တစ်ဦး လာရောက်တည်းခိုခဲ့ဖူးပြီးနောက် မကြာမှီ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ရာ လက်နက်အချို့ ဖမ်းမိသောကြောင့် ဦးတင်အောင်အပါ မိသားစုဝင်နှစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

”ဦးတင်အောင်က သူ့သမက်က အောက်ပိုင်းဘက်ကဆိုတော့ ကောလင်းဘက်က PDF တစ်ယောက်က သူ့သမက်နဲ့ရင်းနှီးတော့ အဲ့မှာလာနားတာလာတည်းတာပေါ့ခဏ။ အဲ့ PDF ကလေး ပြန်သွားတဲ့နောက်နေ့ စစ်တပ်က သွားစစ်တာ လက်လုပ်မိုင်းနဲ့ သေနတ်တစ်လက်မိတယ်။ အဲ့ကြောင့် ဦးတင်အောင်ရယ် သူ့သမက်နဲ့ ဝပ်လျော့မှာနေတဲ့ ကလေးတစ်ယောက်ပေါ့ ဖမ်းသွားတယ်” ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောသည်။

ဦးတင်အောင်နှင့် မိသားစုဝင်နှစ်ဦးသည် ဇန်နဝါရီ လ ၁၁ ရက်နေ့ ညပိုင်းတွင် နေအိမ်၌ စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ယနေ့ထိ ပြန်မလွတ်လာပဲ လုံးတုံစစ်တပ်တွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း သိရသည်။

”လုံးတုံအရှေ့တိုင်းရုံးမှာ ထိမ်းသိမ်းထားတယ်။ သူတို့အမှုဖွင့် ဘာညာလုပ်မယ်ထင်တယ်။ လက်နက်တွေ မိတာဆိုတော့ လွတ်လာဖို့ မလွယ်တော့ဘူးလေ။ PDF ကလေးတော့ မဖမ်းမခံလိုက်ရပါဘူး။ အိမ်ရှင်က နေရင်းထိုင်ရင်း ခံလိုက်ရတာပေါ့။ ဟိုနေ့ကထိကြားတာတော့ မိသားစုဝင်တွေကို တွေ့ခွင့်မပေးသေးဘူး စစ်နေတုန်းတဲ့” ဟု မိုင်းနောင်ကျေးရွာမှ အခြားဒေသခံတစ်ဦးက ပြောသည်။

ဦးတင်အောင်သည် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်မှ အနားယူထားသည်မှာ ငါးနှစ်ခန့်ရှိပြီဟုသိရပြီး လက်ရှိတွင် နိုင်ငံရေး စစ်ရေးဖြင့် ကင်းရှင်းကာ နေထိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အင်းတော်ကြီးဒေသကြီး နန့်မွန်းမြို့ရှိ နန့်မွန်းပြည်သူ့စစ်ခေါင်းဆောင်နေအိမ် ဇန်နဝါရီ ၁၂ ရက်နေ့ညက ဗုံးခွဲတိုက်ခိုက်ခံရပြီး ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း နန့်မွန်းပြည်သူ့စစ် ဂိတ်စခန်းတစ်ခုကို PDF က လက်နက်ငယ်ဖြင့် သွားရောက်ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်းသိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here