မူတြော် (ဖာပွန်) ခရိုင်တွင် ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အသင်းအုပ်ဆရာတော်အပါအဝင် ဒေသခံ ၄ ဦး သေဆုံး

0
233

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ပေကေကျေးရွာအုပ်စု၊လေးဝါးကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်သောကြောင့် အသင်းအုပ်ဆရာတော်အပါအဝင် ဒေသခံရွာသား ၄ ဦး သေဆုံးသွားကြောင်း KNU ဘက်က အတည်ပြုပြောဆိုသည်။

ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီလေကြောင်းမှ လေးဝါးကျေးရွာအပေါ် ဗုံးသီး ၆ လုံး ကြဲချခဲ့ပြီး ရွာရှိ ခရစ်ယာန်ဘုရား ကျောင်းအပေါ် ထိမှန်ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ခရစ်ယာန် သင်းအုပ်ဆရာတော်တစ်ဦးအပါအဝင် ဒေသခံ ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရရှိခဲ့သည်ဟု KNU တပ်မဟာ (၅) ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။

၎င်းက “၁၂ ရက်နေ့ နေ့လည် ၂ နာရီ အချိန်မှာ စကစ လေယာဉ် နှစ်စင်း လူသောမြို့နယ် ပေကေး ကျေးရွာ အုပ်စုမှာရှိတဲ့ လေးဝါး ရွာကို ဗုံး သုံး ချီ ၆ လုံး လာကြဲချတယ်။ ကက်သလစ်ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးအပါအဝင် ရွာသား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတယ် လို့ လောလောဆယ်သိရတယ်။ ရွာသူရွာသားတွေ ကစဉ့်ကလျားဖြစ်နေတာကြောင့် အခုထိ ပြန်လည်စီစစ်လို့ မရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေးဝါးကျေးရွာအနီးဝန်ကျင်ရှိ ဒေသခံရွားသားများလည်း ဘေးလွတ်ရာသို့ ရှောင်ပြေးခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

အလားတူပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း မူတြော်ခရိုင်၊ ဒွဲလိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လဲထူးဖို ဒေသအတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဝင်ရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ အရပ်သား ၆ ဦး ထိခိုက်သေဆုံးသွားသေးသည်။

ထို့အတူ အဆိုပါ နေ့တစ်ရက်ထဲပင် စစ်ကောင်စီမှ တိုက်လေယာဉ် ၇ စင်း အသုံးပြု၍ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်း ဗုံးသီးအလုံး ၂၀ ခန့် ဝင်ရောက်ကြဲချခဲ့ပြီး ဒေသခံရွာသား ထိခိုက်သေဆု့ါ်မှုများရှိသလို ၎င်းတို့ လုပ်ကိုင်စားသောက်ရာ တောင်ယာစိုက်ပျိုးခင်းများလည်း ထိမှန် ပျက်စီးသွားကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ကေအဲန်ယူ တပ်မဟာ (၅) ၏ ၂၀၂၂ခုနှစ်အတွက် စာရင်းပြုစုထားသည့် နှစ်ချုပ် တိုက်ပွဲစာရင်းအရ တစ်နှစ်အတွင်း ၎င်းတို့ နယ်မြေတွင် တိုက်ပွဲပေါင်း (၂၇၃၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်း ၃၅ ကြိမ် ပြုလုပ်ပြီး ဗုံးသီး (၁၈၂) လုံး ကြဲချခဲ့သည် ဟုလည်းဖော်ပြထားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်ကို ဂျက်တိုက်လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CNF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားခဲ့သေးသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here