ပုသိမ်ထောင်အတွင်း ရိုက်နှက်မှုကြောင့် နိုင်ကျဉ်းတစ်ဦး သေဆုံး

0
183

ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို ထောင်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နေလှန်း ရိုက်နှက်ခဲ့ရာ နိုင်ကျဉ်းတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပုသိမ်ထောင်အတွင်း ဇန္နဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား အများစုပါဝင်သော အိပ်ဆောင်ရှိ အကျဉ်းသား ၇၂ ကို လက်ထိပ်ခပ်ကာ ထောင်ဗူးဝ သံလှောင်ချိုင့်တွင် အကြမ်းဖက်ရိုက်နှက်ခဲ့ရာ ချောင်းသာကမ်းခြေမြို့က အသက် ၂၆ နှစ်ဝန်းကျင်အရွယ်ရှိ လူငယ် နိုင်ကျဉ်း ကိုဝေယံဖြိုးဆိုသူ ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ပုသိမ်ဆေးရုံ အသိုင်းအဝိုင်းထံမှ သိရသည်။

အရိုက်ခံရသည့် အကျဉ်းသား ၇၂ ဦး အသီးသီးလည်း ဒဏ်ရာများရရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၁၂ ဦးအနက် အတွင်းလူနာ ၉ ဦး ရှိသည်ဟု နီးစပ်သည့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အမည်မဖေါ်လိုသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ထောင်ညွှန်မှူး ခေါ်ခိုင်းလို့ ရောက်လာတဲ့ နိုင်ကျဉ်းတွေကို တနေကုန် နေလှန်းတယ်။ ပြီးတော့ တို့အရေး အော်ခိုင်းပြီး မျက်နှာဖုန်းစွပ်ထားတဲ့ လုံထိမ်းအဖွဲ့က ဦးဆောင်ပြီး ရိုက်တာ။ ရိုက်နှက်ခံရလို့ ဒဏ်ရာ အသဲအသန်ရတဲ့သူတွေကို ပုသိမ်ဆေးရုံ ပို့တဲ့အဖွဲ့နဲ့ ထောင်လုံခြုံရေးအတွက် နယ်မြေရဲတွေက လုပ်ပေးရတယ်” ဟု ပြောသည်။

အိပ်ဆောင်ရှိ နိုင်ငံရေးအကျဉ်းသား အများစုပါဝင်သော အကျဉ်းသား ၇၀ ကျော်ကို ထောင်အာဏာပိုင်အဖွဲ့က ညှိနှိုင်းစကားပြောရန် အကြောင်းပြချက်ဖြင့် ရာဇဝတ်အကျဉ်းသားများနှင့် ဖွဲ့စည်းထားသော ထောင်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လာရောက်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

နှစ်ရှည် ထောင်ကျနေသော ကိုဝင်းထွန်းနိုင်၊ ကိုဖိုးလပြည့်နှင့် ကိုမဲကြီးတို့အပါအဝင် နိုင်/ကျဉ်း ၄ ဦးကို ထောင်တွင်းသို့ လက်ကိုင်ဖုန်း သွင်းသည်ဟုဆိုကာ ထောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့က ဇန္နဝါရီလ ၅ ရက်နေ့က တညလုံး နှိပ်စက်ညှင်းပန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် နိုင်/ကျဉ်းများနှင့် အခြားအကျဉ်းသားများက ဇန္နဝါရီလ ၆ နေ့ နံနက်ပိုင်းက ဆန္ဒပြကြရာ ထောင်အုပ်ချုပ်ရေးအဖွဲ့နှင် စစ်ကောင်စီ လုံထိန်းတပ်ဖွဲ့က သေနတ်၊ လေးဂွတို့ဖြင့် ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးပြီး ရိုက်နှက် အကြမ်းဖက်ခဲ့ကြခြင်းဖြစ်သည်ဟု သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦး က “အကျဉ်းသား ၇၀ ကျော် အားလုံးကို အစာမကျွေး ရေမတိုက်ဘဲ တနေကုန် အဆက်မပြတ် ရိုက်နှက်ကြတာမို့ အားလုံး ဒဏ်ရာအများအပြား ရရှိထားကြတယ်လို့ သိရတယ်။ ဒါက စစ်ကောင်စီရဲ့ ထောင်တွင်း အကြမ်းဖက်မှုပါ။ လူသတ်မှုလည်း မြောက်ပါတယ်။ ထောင်ထဲမှာ ထောင်စည်းကမ်းချိုးဖောက်ရင် ဥပဒေနဲ့အညီ အရေးယူရတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်” ဟု ပြောသည်။

ထောင်တွင်း ဆန္ဒပြပြီး မကြာခင် မျက်နှာဖုန်းစွပ်ထားသည့် လုံထိမ်းတပ်ဖွဲ့က ကား ၃ စီး အပြည့်ဖြင့် ရောက်လာပြီး ထောင်ထဲဝင်သွားကာ အချို့က ထောင်ဗူးဝအပေါ်ထပ်မှ ထောင်ပြင်ကို သေနတ်များဖြင့် ချိန်ထားသည်ဟု မျက်မြင်တွေ့ရှိသည့် ထောင်ဝင်စာပို့သူအချို့က ပြောသည်။

စစ်ကောင်စီလက်အောက်ခံ သတင်းဌာနအသီးသီးက ည ၈ နာရီသတင်းတွင် ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းသားအချင်းချင်း ရိုက်မှုဖြစ်ပွားရာမှ ထောင်ဆူမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူများရှိခဲ့သည်ဟု ဝါဒဖြန့် ထုတ်ပြန်ခဲ့သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here