ထားဝယ်တိုက်ပွဲအတွင်း DGRF ဗျူဟာမှူး ဖထီး ကျဆုံး

0
164

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းနဲ့သင်္ကန်းတုန်းကျေးရွာအနီး ဘဲမတ်တပ်တောင်တိုက်ပွဲမှာ အဖွဲ့ရဲ့ ဗျူဟာမှူး ဖထီး ကျဆုံးသွားတယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ဘဲမတ်တပ်တောင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ဗျူဟာမှူးအပြင် ဥသြစစ်ကြောင်းမှူးအဖြစ် တာဝန်ထမ်းနေတဲ့ အသက် ၆၅ နှစ်အရွယ် ဖထီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဗျူဟာမှူး ဖထီး ကျဆုံးသွားပေမယ့် ဖထီး ဆုံးမသွန်သင်ခဲ့တဲ့ စကားတွေနဲ့ မပြီးသေးတဲ့ တာဝန်တွေကို ရဲဘော်တွေအနေနဲ့ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ (DGRF) က ထုတ်ပြန်ထားပါတယ်။

အဲဒီဘဲမတ်တပ်တောင်တိုက်ပွဲမှာ ဗျူဟာမှူး ဖထီး ကျဆုံးခဲ့သလို PDF ရဲဘော် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု များပြားပေမယ့် စာရင်းအတိအကျ မသိရသေးဘူးလို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ (DGRF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၈ ရက်နေ့က ဝကုန်းကျေးရွာကို စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံနေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဝကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထားတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေ ရသလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတာပါ။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here