မောင်တောမြို့ပေါ်တွင် AA ကားကို ရဲတပ်ဖွဲ့က တားဆီးမှုကြောင့် စကားများကာ ပစ်ခတ်လုနီးပါးဖြစ်ခဲ့

0
161

ရခိုင်ပြည်၊ မောင်တောမြို့၊ Lucky တည်ခိုးခန်းရှေ့လမ်းမပေါ်တွင် ရက္ခိုင့်တပ်တော် (AA) မှ ကားတစ်စီးကို ဇန်နဝါရီလ ၆ ရက်နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက လာရောက်တားဆီးမှုကြောင့် နှစ်ဖက် စကားအချေအတင်များခဲ့ကြကြောင်း မျက်မြင်မြို့ခံများထံမှ သိရသည်။

AA တပ်ဖွဲ့ဝင် ၇ ဦးခန့် စီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ကားနှစ်စီးဖြင့် လာရောက်တားဆီးကာ စစ်ဆေးရန်ပြုလုပ်သည့်အတွက် နှစ်ဖက်လုံးမှ သေနတ်များဖြင့်ချိန်ရွယ်ကာ ပစ်ခတ်လုနီးပါး ဖြစ်ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

“သူတို့ (AA) ဖက်က ကိစ္စတစ်ခုနဲ့လာတာ ထင်တယ်။ မြို့ဝင်ဂိတ်မှာ စစ်ဆေးမခံဘဲ လာခဲ့ကြတာ။ အဲဒီမှာ ရဲတွေက ကားနှစ်စီးနဲ့လိုက်လာတယ်။ လပ်ကီးတည်ခိုးခန်းရှေ့မှာ လာတားတာ။ တားတော့ AA က လက်နက်အပြည့်အစုံနဲ့ ဆင်းလာတယ်။ စကားအချေအတင်‌ ပြောကြတယ်။ ပစ်ခတ်တာတွေတော့ မရှိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

“ပထမတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်သွားတာပေါ့။ ပြီးတော့ မြို့ပေါ်မှာလေ။ အခုတော့ ပြေလည်သွားလို့ AA ဖက်ကလည်း ကားနဲ့ပြန်ထွက်သွားပြီ။ ထွေထွေထူးထူး ဖြစ်ခဲ့တာတော့ မရှိပါဘူး” ဟု နောက်ထပ် မျက်မြင်မြို့ခံတစ်ဦးက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လကစပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ နှစ်ဖက် အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။

လက်ရှိတွင် အပစ်အခတ်ရပ်စဲထားသည့်အတွက် နောက်ထပ် တိုက်ပွဲမဖြစ်ရန် စစ်ကောင်စီအနေဖြင့် ယခုလိုမျိုး တားဆီးခြင်းများ မလုပ်သင့်ကြောင်း မောင်တောမြို့မှ မြို့မိ၊ မြို့ဖတစ်ဦးက ထောက်ပြပြောဆိုသည်။

“လက်ရှိ တိုက်ပွဲတွေကတော့ ငြိမ်နေတယ်။ တိုက်ပွဲ နောက်မဖြစ်ဖို့ အရေးကြီးတယ်။ တိုက်ပွဲမဖြစ်ဖို့ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ဒီလိုလုပ်တာတွေ မရှိဖို့လိုတယ်။ ဒီလိုအပစ်ခတ်ရပ်စဲထားတဲ့ ကာလမှာ စစ်ကောင်စီဖက်က မလုပ်သင့်တဲ့အလုပ်ကို မလုပ်ဖို့လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

ယနေ့ဖြစ်ပွားခဲ့သည့်‌ မောင်တောဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခတို့ကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့မှာ နှစ်ဘက်နားလည်မှုဖြင့် ယာယီ အပစ်ရပ်စဲထားသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဉီးခိုင်သုခက ပြောဆိုထားသည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here