“ဒီအကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုကတည်းက ဒီရလဒ်တွေကလည်း ကောင်းတဲ့ရလဒ်တွေ ထွက်လာမယ်လို့တော့ ကျမအနေနဲ့ မထင်ဘူး။ ဒါကြောင့် သွားရောက်စကားပြောတယ်ဆိုတဲ့ဟာက လူထုမျက်နှာကို မကြည့်ဘဲနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းနဲ့ သွားရောက်ဆွေးနွေးတယ်လို့ပဲ မြင်တယ်” မဇူးပဒုမ္မာ (အဖွဲ့ဝင်၊ KSCC)

0
427

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့ဝင် မဇူးပဒုမ္မာနှင့် အမေးအဖြေ

“စစ်အာဏာရှင်စနစ်အဓွန့်ရှည်ရေးအတွက် အသုံးချခံငြိမ်းချမ်းရေး” အမည်ရှိ သုတေသနစာတမ်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် BNI-Myanmar Peace Monitor မှ ထုတ်ဝေခဲ့ပါသည်။ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စစ်အုပ်စုအနေဖြင့် အသုံးချနေသလား ဆိုသည့် မေးခွန်းအတွက် အနီးစပ်ဆုံးအဖြေထုတ်ရန် ကြိုးပမ်းထားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကို မည်သူက မည်သို့ ဦး‌ဆောင်မှုပြုနေသလဲ၊ တွေ့ဆုံဆွေးနွေးမှုများ၏ အမြင့်ဆုံး ရည်မျှော်ချက်များနှင့် ဦးဆောင်ပါဝင်ပတ်သက်သူများ၏ ငြိမ်းချမ်းရေးအတွက် စိတ်ဆန္ဒတို့ကို မေးခွန်းထုတ်ထားပါသည်။

စာတမ်းအတွက် သီးသန့်အင်တာဗျူးကို ဖြေဆိုပေးထားသူ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့ဝင် မဇူးပဒုမ္မာနှင့် အမေးအဖြေများကို ကောက်နှုတ်ဖော်ပြအပ်သည်။

မေး – စစ်တပ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက မြန်မာပြည်ငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိနိုင်ပါသလား၊ ဘာကြောင့်လဲ။

ဖြေ – ကျမကတော့ စစ်တပ်က ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ မြန်မာပြည်ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ တကယ့်လက်ရှိအခြေအနေအရ စစ်တပ်က အကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့လူတွေက စစ်တပ်က ဖြစ်တယ်။ ပြီးလို့ရှိရင် ဒီမိုကရေစီနည်းလမ်းနဲ့ သွေဖယ်ပြီးတော့ လုပ်ဆောင်နေတာ စစ်တပ်ဖြစ်နေတယ်။ ပြီးတော့ တပြိုင်နက်တည်း ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို လျစ်လျူရှုပြီးတော့ပေါ့နော အကြမ်းဖက်မှု လမ်းစဉ်နဲ့ တကျော့ပြန်လုပ်တဲ့ဟာ က စစ်တပ်ဖြစ်နေတယ်ပေါ့။ ဒါကြောင့်မလို့ စစ်တပ်က ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ မြန်မာပြည်အတွက် ငြိမ်းချမ်းစေတဲ့ ရလဒ်မျိုးရမှာ မဟုတ်ဘူး။

မေး – ခေတ်အဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် စစ်အုပ်စုရဲ့ ချဉ်းကပ်မှုပေါ်စံတွေက ဘာတွေ ဖြစ်မလဲ။ ဥပမာ – Bilateral တို့၊ NCA တို့ကရော ကျိုးကြောင်းညီညွတ်မှုရှိရဲ့လား၊ ဘယ်လိုမျိုးလဲ။

ဖြေ – ခေတ်အဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ စစ်အုပ်စု သူတို့ ချဉ်းကပ်မှုပုံစံကတော့ သူတို့ ဖက်ကတော့ပြီးတော့ Ready ဖြစ်ပြီးတဲ့ အနေအထားတစ်ခုကို ပြင်ဆင်ပြီးတော့မှ သူတို့ ကမ်းလှမ်းတယ်။ ဥပမာ ဆိုလို့ရှိရင် NCA Process မတိုင်ခင်တုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် စကားမပြောခင်တုန်းကဆိုရင် ဒီ ၂၀၀၈ဖွဲ့စည်းပုံကို သူတို့ ကာလကြာရှည် အချိန်အကြာကြီးကို သူတို့ စိတ်ကြိုက်ရေးဆွဲပြီးမှပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပပေးမယ်။ ငြိမ်းချမ်းရေး စကားပြောမယ်ဆိုပြီးတော့ သူလုပ်တယ်ပေါ့။ သူ့ဖက်ကနေ ပြင်ဆင်စရာရှိတဲ့ဟာတွေကို အားလုံး ပြင်ဆင်ပြီးမှပဲ ငြိမ်းချမ်းရေးစကားကို စပြောတယ်ပေါ့နော။ ငြိမ်းချမ်းရေးစကားစပြောတဲ့နေရာမှာ ချဉ်းကပ်တဲ့နေရာမှာလည်း သူက divide and rule ပုံစံမျိုးနဲ့ ချဉ်းကပ်တယ်။ စုဖွဲ့မှုကွဲပြဲအောင်လုပ်တဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်တယ်။ ဥပမာ -အားလုံးကို တစ်ပြိုင်နက်တည်း စကားပြောတာမျိုး မဟုတ်ဘဲ ဥပမာ ကချင်နဲ့ စကားပြောမယ်။ ကရင်နီနဲ့ စကားပြောမယ်။ ချင်းနဲ့ စကားပြောမယ်ပေါ့နော။ အဲ့လိုပုံစံမျိုးနဲ့ သူလုပ်တာတွေရှိတယ်။ ဒါကြောင့်မလို့ စစ်တပ်ရဲ့ ချဉ်းကပ်မှု ပုံစံကတော့ သူက သွေးခွဲဆွေးနွေးတယ်။ တစ်ဖွဲ့ချင်းစီကို အပေးအယူပုံစံမျိုးနဲ့ သူလုပ်တယ်ပေါ့နော။ အားလုံးတိုင်းရင်းသားတွေရဲ့ ဘုံသဘောတူညီချက်ရရှိဖို့အတွက် သုံးပွင့်ဆိုင်တွေ့မယ်။ ဒါမျိုးတွေ သူလက်ခံခဲ့တာ မရှိဘူး။ ဒါကြောင့် စစ်တပ်ရဲ့ ချဉ်းကပ်မှု ပုံစံကို ကြည့်လိုက်မယ်ဆိုရင် ကျိုးကြောင်းညီညွတ်မှု မရှိဘူး။ ပြီးတော့ နောက်တစ်ခုက သူပေးချင်သလောက်ပဲ ပေးတဲ့ ငြိမ်းချမ်းရေးအခွင့်အရေးပုံစံမျိုး ဖြစ်တယ်ဆိုတဲ့ဟာမျိုးကတော့ တွေ့ရတယ်။

မေး – စစ်အုပ်စုဆီမှာ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်နိုင်ငံရေးစိတ်ဆန္ဒကို မြင်တွေ့ရပါသလား။ ဘယ်လိုအရာမျိုးလဲ။

ဖြေ – အရှေ့မှာ ဖြေတဲ့ မေးခွန်းနှစ်ခုနဲ့တော့ ဆက်စပ်မှုရှိမယ်ထင်ပါတယ်။ ဆိုတော့ စစ်တပ်က ဘယ်တော့မှ အမှန်တကယ်ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေး စိတ်ဆန္ဒရှိတဲ့လူလို့ ကျမ မထင်ဘူး။ သူတို့က နိုင်ငံရဲ့ ownership ပုံစံမျိုးနဲ့ စစ်တပ်သာလျှင် အမိအဖ။ အဲ့လိုပုံစံမျိုးနဲ့ နေပြီးတော့ လာခဲ့ကြဆိုတဲ့ ပုံစံမျိုးနဲ့ အဲ့လို ဆွေးနွေးကြတဲ့ဟာမျိုးတော့ရှိတယ်။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့်လည်း အမှန်တကယ် နိုင်ငံရေး စိတ်ဆန္ဒမပြည့်ဝဘူးဆိုတာ သိရတယ်။ နောက်ပြီးတော့ သူ့ရဲ့ ငြိမ်းချမ်းရေးချဉ်းကပ်မှု ပုံစံတွေ ပြီးတော့ အခုလက်ရှိပေါ့နော အခုလက်ရှိ ဆိုတာထက် ၂၀၀၈ ဖွဲ့စည်းပုံပေါ့ အရင်နှစ်ကာလ အာဏာမသိမ်းခင် ကာလက သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဆိုလို့ရှိရင် စစ်တပ်က ဥပဒေပြု အခန်းကဏ္ဍတွေမှာ အထိကို လိုက်ပါနေတယ်။ ကဏ္ဍစုံ လိုက်ပါနေတဲ့အခါမှာ သူ့ရဲ့ဆောင်ရွက်မှုတွေကတော့ အမှန်တကယ် နိုင်ငံရေးကို နိုင်ငံရေးအရ စိတ်ဆန္ဒရှိရှိအဖြေရှာချင်တဲ့ ပုံစံမျိုးမတွေ့ရဘူးလို့ ကျမအနေနဲ့ မြင်တယ်။

မေး – စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အသုံးချနေသလား။ ဥပမာ သို့မဟုတ် အထောက်အထားတစ်ခုခုနဲ့ ရှင်းပြပေးပါ။

ဖြေ – အဲ့ဒါကတော့ မှန်တယ်လို့ ပြောရမှာပေါ့။ အထူးသဖြင့် စစ်အာဏာရှင်စနစ် အဓွန့်ရှည်ဖို့အတွက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အသုံးချနေတယ်လို့ ထင်တယ်။ ဥပမာ ဆိုလို့ရှိရင် ပြီးခဲ့တဲ့အာဏာမသိမ်းခင် ကာလတုန်းက NCA ပေါ့နော။ NCA ဆိုလို့ရှိရင် ဒါ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေပဲ သွားရတဲ့ ဆွေးနွေးပွဲ ရလဒ်တစ်ခုဖြစ်တယ်ပေါ့။ ဒါကြောင့်မို့ ၂၀၀၈ အောက်ကနေပဲ သူတို့ သွားတယ် သူတို့ဆွေးနွေးတဲ့အခါမှာ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးပေါ့၊ ဥပမာ ၂၀၀၈ ဖွဲ့စည်းပုံလည်း ရှေ့က ကျမပြောသလိုပဲ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်နေတယ်။ အဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ကနေပဲ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အချိန်ကျရင် ၂၀၀၈ အောက်ကနေပဲ ဆွေးနွေးရမယ်ဆိုတဲ့ဟာ မျိုးတွေ ပြီးလို့ရှိရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ NCA စာချုပ်ကို လွှတ်တော်မှာ အတည်ပြုဆွေးနွေးမယ် ဒါမျိုးတွေပေါ့နော ဥပမာ ပြောရမယ်ဆိုရင် ဒါတွေ ပါတယ်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာရှိနေတဲ့ လွှတ်တော် ဥပဒေပြုရေး အခန်းကဏ္ဍမှာဆိုရင်လည်း စစ်တပ်က ၂၅ ရာခိုင်နှုန်းပါနေတာတွေ ရှိတယ်။ သူတို့ အုပ်ချုပ်ရေးတည်မြဲဖို့ ကဏ္ဍတိုင်းမှာ နိုင်ငံရေး၊ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး၊ တခြား စစ်ပိုင်းဆိုင်ရာကအစ၊ နောက်ဆုံး တရားဥပဒေရင်ဆိုင်ရတဲ့ တရားရေး မဏ္ဍိုင်ကအစပေါ့ သူတို့ ရဲ့ပါဝင်မှုတွေကို အာမခံချက်ရှိတဲ့ဟာတွေ လုပ်ပြီးတော့ ဒီအောက်ကနေပဲ ငြိမ်းချမ်းရေး စကားပြောတယ် ဆိုကတည်းက ဒီစစ်အာဏာရှင် အဓွန့်ရှည်ဖို့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အသုံးချနေတယ်လို့ မြင်တယ်။ အခုလက်ရှိ နိုင်ငံရေးကာလမှာဆိုလို့ရှိရင် သူတို့က အာဏာသာသိမ်းလိုက်တယ်။ ဒါပေမယ့် NCA စာချုပ်က မပျက်ဘူး။ NCA စာချုပ်နဲ့ ဆက်ပြီးသွားနေမယ်ဆိုတဲ့ဟာမျိုး တွေကိုသူတို့ ဆက်လက် ကိုင်ဆွဲနေတုန်းပဲ ဖြစ်တယ်။ အဲ့ဒါကို သူတို့အနေနဲ့ နိုင်ငံတကာမှာ သူတို့အနေနဲ့ ငြိမ်းချမ်းရေး ကိုလိုလားပါတယ် ငြိမ်းချမ်းရေးကို သူတို့ အဓိကထားပါတယ်ဆိုတဲ့ ဟာမျိုးကိုလည်း သူတို့ ပြချင်တာမျိုးလည်း ဖြစ်နိုင်တယ်။ တစ်ဖက်မှာ အကြမ်းဖက်မှုတွေ ဘယ်လောက်ပဲ ကျူးလွန်နေပါစေပေါ့။ သူတို့အဲ့လိုမျိုးလုပ်နေတာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အသုံးချပြီးတော့ သူတို့အာဏာတည်မြဲဖို့အတွက်ကိုပဲ လုပ်ဆောင်နေတယ်လို့ ကျမအနေနဲ့ မြင်တယ်။

မေး – ငြိမ်းချမ်းရေးအတွက် စစ်အုပ်စုကို ဖယ်ထုတ်ထားလို့ ရနိုင်သလား။ ဘာကြောင့်လဲ။

ဖြေ – ဖယ်ထုတ်ထားမလားဆိုတာက ကျမတို့ နိုင်ငံရေးအရတော့ ကျမတို့ အပိုင်းတွေ ကဏ္ဍတွေအများကြီးခွဲရမှာ။ ဒါပေမယ့် ဒီဟာကို တိုတိုတုပ်တုပ်ဖြေရမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးတော့မယ်၊ ငြိမ်းချမ်းရေးစကားပြောရတော့မယ်ဆိုရင်တော့ စစ်အုပ်စုကိုတော့ ဖယ်ထားလို့မရဘူးလို့ ကျမအနေနဲ့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်တပ်သည် Main Actor ဖြစ်တယ်။ ဘာကိုပြောတာလဲဆိုတော့ သူတို့က အဓိကငြိမ်းချမ်းရေးမရအောင် အဓိကလုပ်တဲ့သူ ဖြစ်တယ်။ ပြီးတော့ နောက်တစ်ခုက ပြည်သူတွေရဲ့ ဒီငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒကို လျစ်လျူရှုပြီးတော့ လုပ်နေတဲ့လူက သူတို့ဖြစ်တယ်။ ဆိုတော့ ဒီငြိမ်းချမ်းမှုရရှိအောင် သူတို့ရဲ့ လက်နက်နဲ့ အကြမ်းဖက်နေတဲ့လုပ်ရပ်တွေ သူတို့ အားလုံးရပ်တန့်ရမှာ ဖြစ်တယ်။ ဒါကြောင့် ကျမတို့ကတော့ တကွေ့ကွေ့မှာ သူတို့နဲ့ compromise လုပ်ရမှာပဲ စစ်တပ်နဲ့ ကျမတို့ စကားကို ပြောရမှာ ဖြစ်တယ်။ ဒီငြိမ်းချမ်းရေးအတွက် ဆွေးနွေးရမယ်။ စကားပြောရမယ် ကျမတို့ ဆောင်ရွက်ရမယ်။ ကျမတို့ တကယ်လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုမှာ တကယ်ရှိသင့်ရှိထိုက်တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့အညီ သူတို့နေထိုင်သွားဖို့အတွက် ငြိမ်းချမ်းရေးစကားပြောဖို့ကတော့ သူတို့ကတော့ လိုအပ်တယ်ပေါ့နော။ ဒါကြောင့်မလို့ သူတို့ကိုတော့ ဖယ်ကျဉ်ထားပြီးတော့ ကိုယ့်ဟာကိုယ်ပဲ ငြိမ်းချမ်းရေးယူမယ်ဆိုတဲ့ဟာမျိုးကတော့ မဟုတ်ဘူးလို့ ကျမအနေနဲ့ မြင်တယ်။

မေး – စစ်အာဏာသိမ်းကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက အလုပ်ဖြစ်မယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။

ဖြေ – ကျမကတော့ အလုပ်ဖြစ်မယ်လို့ မထင်ဘူး။ အလုပ်ဖြစ်မယ်လို့ မထင်ဘူးဆိုတာက ဘာကိုပြောတာလဲဆိုတော့ လက်ရှိ နွေဦးတော်လှန်ရေးက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ဖြစ်သွားတဲ့ အာဏာသိမ်းမှုက အရင် ၈၈ နဲ့ ကျမတို့ ရှေးနှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ တော်လှန်ရေးရေချိန်နဲ့ အနည်းငယ် ကွဲလွဲမှုရှိတယ်လို့ မြင်တယ်။ အနည်းငယ်ကွဲလွဲမှုရှိတယ်ဆိုတာက ဘာလဲဆိုလို့ရှိရင် အရင်တုန်းက ကျမတို့ ၈၈တုန်းက အာဏာသိမ်းတယ်ဆိုတာက လူထုတွေက ငွေစက္ကူကို သိမ်းလိုက်တယ် ဘာညာဆိုတဲ့ လုပ်ရပ်တွေဖြစ်တယ်။ ပြီးတော့ ကျောင်းသားတွေ အခွင့်အရေးတွေ ဆုံးရှုံးမှူပေါ်မှာ မူတည်ပြီးတော့ လူထုတွေက လမ်းပေါ်ထွက် ဆန္ဒပြလို့ စစ်တပ်က အာဏာသိမ်းတယ်လို့ ပြောတယ်။ ဒီ ၂၀၂၁ အာဏာသိမ်းမှု မှာကျတော့ စစ်တပ်က အာဏာသိမ်းလို့ လူထုက လမ်းပေါ်ထွက်တာဖြစ်တယ်။ ဆိုတော့ အဲ့လို ပုံစံလေးကတော့ ကွာတယ်။ ပြီးတော့ နောက်တစ်ခုက စစ်တပ်အာဏာသိမ်းတဲ့ဟာက ဘယ်လိုလဲဆိုလို့ရှိရင် ကျမတို့ ကွာတယ်လို့ ပြောတဲ့ဟာက လူထုတွေက အခုချိန်ထိ နှစ်နှစ်တာ ကာလအတောအတွင်း စစ်တပ်ကို ရရာ နည်းလမ်းပေါင်းစုံနဲ့ကို ကဏ္ဍပေါင်းစုံနဲ့ကို ကျမတို့က ဆက်လက်တော်လှန်နေဆဲ ဖြစ်တယ်။ ဒီလိုတော်လှန်နေဆဲ ကာလမှာ စစ်တပ်ကလည်း အခုချိန်ထိ အုပ်ချုပ်မှု ယန္တာရားတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သူတို့ တည်ဆောင်နိုင်မှုမရှိဘူး။ နိုင်ငံတကာမှာဆိုလို့ရှိရင်လည်း တရားဝင်မှု စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေတဲ့ပုံစံမျိုးနဲ့ သူတို့က လက်ရှိ အစိုးရဆိုတဲ့ ပုံစံမျိုး အတိတလင်း တရုတ်နဲ့ ရုရှားကလွဲလို့ အတိတလင်းကြွေးကြော်ပြီးတော့ လက်ခံတဲ့ဟာမျိုးတွေ မရှိဘူး။ ဒါကြောင့်မလို့ စစ်တပ်အာဏာသိမ်းမှုက အခုချိန် ၂နှစ်တာ ကာလအတွင်းမှာ သူက တည်ဆောက်နိုင်မှု မရှိဘူး။

နောက်တစ်ခုက အခုချိန်မှာဆိုလို့ရှိရင် သူ့ရဲ့အာဏာတည်မြဲဖို့အတွက် နိုင်ငံတကာလည်း ခုနက ကျမပြောသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်ဆိုတာကို ဗန်းပြဖို့အတွက် တစ်ဖွဲ့ချင်းစီခေါ်ပြီးတော့ တွေ့ဆုံနေတာတွေ ရှိတယ်။ သူတို့ စကားပြောပေမယ့်လည်း တစ်စုံတစ်ခု ထိရောက်မှု အကောင်ထည်ဖော်နိုင်မှုမျိုးကိုလည်း အခုအခြေအနေထိ တွေ့ရတာမျိုးလည်း မရှိဘူး။ ဒါကြောင့်မလို့ အခုအာဏာသိမ်းမှုကာလမှာ သူတို့ လုပ်ဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုးကတော့ လူထုဆန္ဒနဲ့ကို လုံးဝကွဲလွဲတဲ့ ဆွေးနွေးမှုလည်း ဖြစ်တယ်။ ပြီးလို့ရှိရင် ဒါကလည်း အကျိုးသက်ရောက်မှုရှိလာနိုင်တယ်လို့ ကျမအနေနဲ့ မထင်ဘူး။ ERO တွေအားလုံးကလည်း ဒီအပေါ်မှာ လက်ခံနိုင်မှုမရှိတဲ့အဖွဲ့တွေကလည်း အများစုကိုလည်း တွေ့ရတယ်ပေါ့နော။ ဒါပေမယ့် သွားစကားပြောတဲ့ အဖွဲ့တွေလည်း ရှိတယ်ပေါ့နော။ ဒါပေမယ့်လည်း တစ်စုံတစ်ရာထိရောက်ပြီးတော့ ငြိမ်းချမ်းရေးကို ရောက်နိုင်တဲ့ ဆွေးနွေးပွဲဖြစ်မယ်လို့တော့ ကျမအနေနဲ့ မထင်ဘူးပေါ့လေ။

မေး – စစ်အုပ်စုဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးပွဲတွေမှာ ဆက်ပါနေကြတဲ့ ERO တွေကိုလည်း တွေ့နေရပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ – EROတွေကတော့ သူတို့ interestနဲ့ သူတို့ရှိမှာပေါ့။ တချို့တွေကလည်း ဒါက ငြိမ်းချမ်းရေး NCAစာချုပ်က နိုင်ငံအဆင့်ချုပ်ဆိုထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ဖြစ်တယ်။ တရားဝင်မှုရှိတဲ့ စာချုပ်ဖြစ်တယ်။ အာဏာသိမ်းပေမယ့်လည်း ဒီစာချုပ်က ပျက်ပြယ်သွားတာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေ ရှိနိုင်တယ်။ ပြီးလို့ရှိရင် နောက်တစ်ခုက ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက်ကို NCA လမ်းကြောင်းကနေပဲ စစ်တပ်အာဏာသိမ်းမှုကို ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပြီးလို့ရှိရင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဒီမိုကရေစီရရှိဖို့ဆိုတဲ့ နည်းလမ်းနဲ့ သွားမယ်ဆိုပြီးတော့ ပြောကြတဲ့ ERO တွေရှိတယ်။

ပြီးတော့ တစ်ပြိုင်နက်တည်း စစ်တပ်နဲ့တွေ့ပြီးတော့ စကားပြောတယ်။ ဒါပေမယ့်လည်း ကျမကတော့ အများစုကတော့ သွားတွေ့တဲ့အဖွဲ့တွေကတော့ သူ့ interest နဲ့သူဆိုတော့ စီးပွားရေးအကျိုးသက်ရောက်မှု တွေ သူတို့နယ်မြေရဲ့ စစ်တပ်နဲ့ agreement လုပ်ပြီးတော့ သူတို့နယ်မြေရဲ့ စစ်မဖြစ်ရေးတွေ ဒါတွေလည်း ဆွေးနွေးနေတာလည်း ဖြစ်နိုင်တာပေါ့လေ။ နောက်တစ်ခုကတော့ ERO တွေ အများစုကတော့ မပြောတတ်ဘူး သူတို့ရဲ့ဝှက်ဖဲက ဘာရှိမလဲ သူတို့ရဲ့ interestကတော့ စီးပွားရေးအပြင် တခြားနိုင်ငံရဲ့ interestကတော့ ဘာများရှိနိုင်မလဲ။ ဒါသတင်းမီဒီယာတွေမှာ ဖော်ပြတာလောက်ပဲ ကျမတို့ သိရတာဖြစ် တယ်။ ဒါပေမယ့်လည်း စစ်တပ်နဲ့ သွားပြီးတော့ စကားပြောတယ် သွားဆွေးနွေးတယ်။ ငြိမ်းချမ်းရေးစကား သွားပြောတယ် ဆိုကတည်းက ဒီအကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုကတည်းက ဒီရလဒ်တွေ ကလည်း ကောင်းတဲ့ရလဒ်တွေထွက်လာမယ်လို့တော့ ကျမအနေနဲ့ မထင်ဘူး။ ဒါကြောင့် သွားရောက် စကားပြောတယ်ဆိုတဲ့ဟာက လူထုမျက်နှာကို မကြည့်ဘဲနဲ့ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားတစ်ခုတည်း နဲ့ သွားရောက်ဆွေးနွေးတယ်လို့ပဲ မြင်တယ်။ ဒါကိုတော့ နိုင်ငံရေးအရ ကစားပွဲကို ပြောင်းကစားတယ်လို့ ကျမအနေနဲ့ မမြင်ဘူး။

(မှတ်ချက်။ ကန္တာရဝတီတိုင်းမ်သတင်းဌာနမှ စာတမ်းအတွက် သီးသန့်မေးမြန်းထားခြင်းဖြစ်သည်။)

BNI-MPM

LEAVE A REPLY

Please enter your comment!
Please enter your name here