စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲချမှုကြောင့် ရာဘာခြံလုပ်သား (၂) ဦး ကျည်စမှန် ဒဏ်ရာရရှိ

0
238

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ရာဘာခြံတွင် ယနေ့ နံနက် (၁၁) နာရီအချိန်၌ စစ်ကောင်စီ တပ်၏ လေယာဉ်ဖြင့် ဝင်ရောက် ဗုံးကြဲချမှုကြောင့် ၄င်းရာဘာခြံထဲရှိ အလုပ်သမား (၂) ဦး ကျည်အစထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးကအတည်ပြုပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့အနီးတွင် ကော်သူးလေးတပ်မတော်ဦးဆောင်သည့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်များကလေယာဉ်ဖြင့် ၄င်းတိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးအနားကျေးရွာထဲသို့ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ရာဘာခြံထဲရှိ အသက် (၂၂) အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် (၆၀) အရွယ် အဖွားအိုတစ်ဦးလက်နက်ကြီးကျည်စမှန်သွားကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ယခုလိုပဲပြောသည်။

“၁၁ နာရီလောက်က ထိသွားတာ။ ထိတာကတော့ရာဘာခြံက အသက် ၆၀ အဖွားရယ် အသက် ၂၂ မိန်းကလေးတစ်ယောက်ရယ်။ အသက် ၆၀ အဖွားကတော့ တင်ပါးထိသွားတယ်။ အသက် ၂၂ မိန်းကလေးကတော့ မျက်နှာရှပ်ထိသွားတယ်။ ခုနကတော့ လူနာတင်ယာဉ်နဲ့လာခေါ်သွားပြီး။စိုးရိမ်စရာမရှိဘူး။ အခုလက်ရှိ ကျနော်တို့လည်း လေယာဉ်လာပစ်လို့ ပြေးနေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် လက်ရှိအချိန်ထိ စစ်ကောင်စီတပ်များက ကြာအင်းဆိပ်ကြီးမြို့ အနီးအနားကျေးရွာများသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေတာကြောင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်ကစ၍ စစ်ကောင်စီတပ်နှင့် နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်များအကြား နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီအခြေစိုက်စခန်း ၃ ခုကို စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ပြန်လည်တုန့်ပြန်တိုက်ခိုက်နေကြောင်း သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here