ထားဝယ်မြို့ပေါ်မှာ ၂ ရက်အတွင်း ဒေသခံ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရ

0
199

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်မှာ ဇန်နဝါရီ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ ၂ ရက်အတွင်း ဒေသခံ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က သူတို့ဖမ်းဆီးလိုက်တဲ့ ဒေသခံပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဆက်စပ်ပတ်သက်တာ၊ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နေအိမ်တွေမှာ လာရောက် ဖမ်းဆီးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ မနက် ၁၀ နာရီလောက်က ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်းမှာ အရက်ဆိုင်ဖွင့်ထားတဲ့ ကိုမောင်လေး၊ ဇနီးနဲ့သားဖြစ်သူ အပါအဝင် အရက်ဆိုင်မှာ ရှိနေသူ ၄ ဦး၊ စုစုပေါင်း ၇ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနေ့ နေ့လယ်ပိုင်းလောက်မှာလည်း ထားဝယ်မြို့တွင်းက မိသားစုဝင် ၃ ဦးနဲ့ ကြက်စာပြင်ရပ်ကွက်က ကိုမောင်လေးရဲ့ မိဘ ၂ ဦးကိုပါ ထပ်မံဖမ်းဆီးသွားခဲ့တာပါ။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးရာမှာ သူနဲ့ပတ်သက်တဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက် ၉ နာရီလောက်မှာလည်း နိဗ္ဗာန်လမ်းရှိ လက်ဖက်ရည်ဆိုင်က အဖျော်ဆရာ ကိုဟန်လင်းကို အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့သူတချို့ကို စစ်ကြောရေးသို့ ပို့ဆောင်ထားပြီး တချို့ကိုတော့ ထားဝယ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ ၁၇,၀၀၀ နီးပါးအထိ ရှိလာပြီး အဲဒီထဲက ၁၃,၀၀၀ ကျော်ဟာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆိုထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here