ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အာဏာရှင်အဓွန့်ရှည်ရေးအတွက် အသုံးပြုနေ

0
180

စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စစ်တပ်က အသုံးချနေသည်ကို လေ့လာတွေ့ရှိရကြောင်း နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ BNI ၏ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောဆိုလိုက်သည်။

တိုင်းရင်းသား သတင်းမီဒီယာအဖွဲ့ ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် BNI ၏ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က “စစ်အာဏာရှင် စနစ် အဓွန့်ရှည်ရေးအတွက် အသုံးချခံ ငြိမ်းချမ်းရေး” ဆိုသည့် စာတမ်းနှင့်အတူ “စစ် အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားမီဒီယာများကို လေ့လာခြင်း” ဆိုသည့် စာတမ်းမိတ်ဆက်ပွဲ အခမ်းအနားတွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စာတမ်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး BNI ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ အကြီးတန်းသုတေသီက ၎င်းတို့ လေ့လာတွေ့ရှိချက်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“စစ်အုပ်စုက နွေဦးတော်လှန်ရေးမှာ မပါဝင်သေးတဲ့ ERO တွေကို အသုံးချပြီးတော့ သူတို့ရဲ့ အာဏာရှင်စနစ် အဓွန့်ရှည်ရေး လုပ်ငန်းစဉ်တွေကို ပြန်လည်ချမှတ်လုပ်ဆောင်နေတယ်ဆိုတာ သတိပြုမိပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုရဲ့ စပွန်ဆာ ဒီမိုကရေစီမှာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အထူးသဖြင့် ၂၀၁၁ ကနေပြီး ၂၀၂၀ ကာလ အတွင်း ဒီအခြေအနေတွေဟာ အာဏာသိမ်းမှုနဲ့ အဆုံးသတ်ခဲ့ရသလို စစ်အုပ်စုဗဟိုပြုတဲ့ တနည်းအားဖြင့် ဒီ စစ်အုပ်စုရဲ့ စပွန်ဆာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကလည်း တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမ ခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးကို ရောက်ရှိနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့ သုံးသပ်တင် ပြထားပါတယ်လို့”

စစ်တပ်ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေး ရနိုင်၊ မရနိုင်၊ ငြိမ်းချမ်းရေးအတွက် စစ်တပ်၏ ချဉ်းကပ်နည်းများအကြောင်းနှင့် စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် ငြိမ်းချမ်းရေးပွဲများကို စစ်တပ်က အသုံးချနေသလား ဆိုသည့် မေးခွန်းများအတွက် အနီးစပ်ဆုံး အဖြေထုတ်နိုင်ရန် အထက်ပါစာတမ်းကို BNI ၏ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

စစ်တပ်သည် NCA နှင့် ၂၀၀၈ အခြေခံဥပဒေကို ရစ်ပတ်ချည်နှောင်ပြီး တိုင်းပြည်၏ နိုင်ငံရေးဦးဆောင်မှုတွင် ထာဝရရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းနေသည်ကိုလည်း လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။

BNI ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုကလည်း စစ်ကောင်စီက ဖိတ်ခေါ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သွားရောက်တွေ့ဆုံနေသည့် EAOs/EROs များ၏ အခြေအနေကိုလည်း ယခုကဲ့သို့ သုံးသပ်သည်။

“ဒီတွေ့ဆုံဆွေးနွေးမှုတွေက တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ယူဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို ထောက်ပြထားတယ်။ ဒါဟာစစ်အုပ်စုရဲ့ နည်းပရိယာယ်တခုပဲ ဖြစ်တယ်။ ဆိုတော့ ဒီအသုံးချနေတဲ့ ကစားပွဲမှာ လိုက်ပါနေတဲ့ တချို့သော EROs တွေကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးတကယ်ရမလား မရမလားဆိုတဲ့ ယုံ ကြည်ချက် သူတို့ဆီမှာ ရှိမနေဘူး။ သူတို့ကိုယ်တိုင်ကလည်း ဒရွတ်တိုက် အဆွဲခံနေရတဲ့ အနေအထားလို့ တဖက်က ကြည့်ရင်လည်းပဲ မြင်သာတယ်ပေါ့နော်။”

စစ်တပ်က ငြိမ်းချမ်းရေးဆိုသည့် စကားရပ်ကို ရေပက်မဝင်အောင် ပြောဆိုသုံးနှုန်းနေသော်လည်း ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် ဘယ်တုန်းကမှ အလေးနက်ထား စဉ်းစားခဲ့သည်ကို မတွေ့ရကြောင်းလည်း BNI က ထောက်ပြထားသည်။

ဒေါ်တင်တင်ညိုက “ဆိုတော့ သွားတွေ့မှရမယ် မတွေ့ရင် ဘာဖြစ်သွားနိုင်မလဲဆိုတဲ့ စဉ်းစား ချက်တွေပေါ့နော် သူတို့ကိုယ်ကလည်း တကယ်ငြိမ်းချမ်းရေးလိုလားနေတဲ့ အနေအထားတွေရော ဖြစ်ရဲ့လား။ ဒီစစ်အုပ်စုကနေ ဖန်တီးထားတဲ့ ကစားကွက်တွေထဲမှာ EAOs တချို့က ပါနေသရွေ့ကတော့ စစ်အာဏာရှင် အမြစ်ပြတ်ရေး ချေမှုန်းရေးအတွက် လုံးဝအဟန့်အတားဖြစ်တာပဲ” ဟု ဆက် ပြောသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးကို ဦးတည်နေသည့် နွေဦးတော်လှန်ရေးတွင် ပေါ်လာသော PDF များနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့ အတွက် နှစ်ပေါင်း ၇၀ ကျော် တိုက်ပွဲဝင် နေသည့် တိုင်းရင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ တူညီသည့် သဘောထားမှာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် စစ်တပ်ကို ဖယ်ထုတ်ထားရန်ဆိုသည့် အချက်ပင်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ မရှိမဖြစ်လိုအပ်သည့် စစ်တပ်က အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု အောက်တွင် ရှိရမည်ဟုလည်း BNI က မိတ်ဆက်လိုက်သည့် အဆိုပါ သုတေသန စာတမ်းထဲတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ တက်ကြွလှုပ် ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူများက ပြောဆိုထားသည်။

စာမျက်နှာ ၅၇ မျက်နှာပါသည့် “စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် အသုံးချခံ ငြိမ်းချမ်းရေး” ဆိုသည့် စာတမ်းထဲတွင် စစ်တပ်ဦးဆောင်သည့် ဆွေးနွေးပွဲများက ငြိမ်းချမ်းရေး ရနိုင် မရနိုင်၊ စစ်အုပ်စု၏ နိုင်ငံရေးစိတ်ဆန္ဒ၊ ငြိမ်းချမ်းရေးအတွက် စစ်တပ်၏ ချဉ်းကပ်မှု၊ ငြိမ်းချမ်းရေးအတွက် စစ်တပ်အား ဖယ်ထား၍ ရနိုင် မရနိုင်၊ အဘယ့်ကြောင့် စစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသနည်း စသည့်တို့ကို သုံးသပ်တင်ပြထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here