လောင်းလုံး မြို့မရဲစခန်းမှာ ရဲနဲ့စစ်သား အချင်းချင်းပစ်ခတ်မှုဖြစ်၊ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

0
170

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ စစ်ကောင်စီ လောင်းလုံးမြို့မရဲစခန်းမှာ ဇန်နဝါရီ (၁) ရက် ညပိုင်းက ရဲနဲ့စစ်သားအချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

ဇန်နဝါရီလ(၁) ရက် ည (၈) နာရီအချိန်လောက်က လောင်းလုံးမြို့မရဲစခန်းအတွင်းကနေ သေနတ်သံ (၅) ချက်နီးပါး ဆက်တိုက်ကြားရပြီး အော်ဟစ်ဆဲဆိုသံတွေ ကြားခဲ့တယ်လို့ လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။

“ညက တိတ်ဆိတ်နေတော့ သေနတ်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်၊ နောက်တော့ အော်ဟစ်ဆဲဆိုရန်ဖြစ်တဲ့အသံတွေက အကျယ်ကြီးကြားနေရတယ်၊ သူတို့အချင်းချင်းပဲပစ်ခတ်ကြတာလို့ သိရတယ်။ သေဆုံးသူက ရဲလား၊ စစ်သားလားတော့ မသိဘူး” လို့ အဲဒီမြို့ခံက ဆက်ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် အရေးပေါ်လူနာတင်ယာဉ်တစ်စီး ရဲစခန်းဝင်းအတွင်း ဝင်ရောက်သွားပြီးနောက် လူနာတင် ယာဉ်နဲ့ ရဲစခန်းအတွင်းရှိ Vigo ယာဉ်တစ်စီးတို့ဟာ ရဲစခန်းအတွင်းကနေ ထားဝယ်မြို့ဘက်သို့ အရှိန်ဖြင့် မောင်းနှင်ထွက်သွားတယ်လို့ သိရပါတယ်။

လောင်းလုံမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း (၃၀) ဝန်းကျင်ရှိကြောင်းနဲ့ ပျူစောထီးအဖွဲ့ တချို့လည်း လာရောက်နေထိုင်ကာ ဝင်ထွက်သွားလာတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here