တစ်နှစ်တာအပစ်ရပ်စဲကြောင်း စစ်ကောင်စီပြောဆိုချက်ကို နိုင်ငံရေးသမားများ ဝေဖန်

0
187

မြန်မာနိုင်ငံတွင် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး၊ ပြည်သူများလိုလားသည့် ထာဝရငြိမ်းချမ်းရေးတို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောက်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ်တာ အပစ်အခတ်ရပ်စဲကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၃၁ ရက်) နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ကြေညာခဲ့သည်။

သို့သော်လည်း စစ်ကောင်စီ၏ အဆိုပါ တစ်ဖက်သတ်ကြေညာချက်မှာ နှစ်ဘက်သဘောတူစာချုပ် မဟုတ်သည့်အတွက် လက်တွေ့ကျသည့် လုပ်ရပ်မဟုတ်ဘဲ ဟန်ပြသဘောသာဖြစ်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။

ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက “စစ်ကောင်စီက သူတို့အနေနဲ့တော့ မတိုက်ဘူးပေါ့။ တခြားလက်နက်ကိုင်အဖွဲ့တွေ တိုက်ရင်တော့ တိုက်မယ်ဆိုတဲ့သဘော။ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေကို ထိခိုက်လာတယ်ဆိုရင်တိုက်မယ် ပုံစံမျိုး။ ဒါတွေကတော့ နှစ်ဖက်ကတိကဝတ် စာချုပ်စာတန်း မရှိသမျှတော့ တစ်ဖက်တည်း အပစ်အခတ်ရပ်စဲတယ်ဆိုတာကတော့ ဟန်ပြသဘော လုပ်ဆောင်တာမျိုးပဲဖြစ်တယ်” ဟု ဆိုသည်။

ထိုသို့ တဖက်သတ် အပစ်အခတ်ရပ်စဲလိုက်ခြင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံအတွင်းတည်ငြိမ်မှုကို ရရှိစေရေးအတွက် ထောက်ချောက်ဆင်ခြင်းဟုလည်း ဦးဖေသန်းက ဆက်ပြောသည်။

“အဓိက ရွေးကောက်ပွဲအတွက် သူတို့ (စစ်ကောင်စီ) မှာ တည်ငြိမ်ဖို့လိုတယ်။ သူတို့ဖက်က တိုက်ပွဲရပ်စဲထားတယ်လို့ သဘောထားရှိလျက်နဲ့ တစ်ဖက်က လာတိုက်တယ်ဆိုတဲ့ ထောင်ချောက်တစ်ခုလည်းဖြစ်သလို တစ်ဖက်မှာလည်း ရွေးကောက်ပွဲရှိတဲ့အတွက် ရွေးကောက်ပွဲကို အထိအခိုက်မခံချင်အောင် လုပ်တာဖြစ်တယ်။ လက်တွေ့ကတော့ မဆန်ဘူး။ လက်တွေ့ဆန်ဆန်လုပ်မယ်ဆိုရင် ဒီထက်တိုးပြီးတော့ သဘောတူညီချက်တွေနဲ့ အပစ်အခတ်ရပ်စဲရမှာ” ဟု ဉီးဖေသန်းက ဆိုသည်။

ထို့အတူ စစ်ကောင်စီထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီဥက္ကဌကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့်တွေ့ဆုံရန် ဖိတ်ခေါ်ကာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည့် NCA လက်မှတ်ထိုးအဖွဲ့များမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNLA/PC) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA))၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ NCA လက်မှတ်ရေးထိုးမထားသည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP (SSA) အစရှိသည့် ၁၀ ဖွဲ့ဖြစ်ပြီး ၎င်းတို့နှင့် စစ်ကောင်စီတပ်ကြား ပစ်ခတ်မှုများ ရပ်စဲနေခြင်း ဖြစ်သည်။

အခြားတဖက်တွင်လည်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပြင် တော်လှန်ရေးအင်အားစု လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယင်းကြောင့် စစ်ကောင်စီက ထုတ်ပြန်ခြင်းမှာ ဗမာပြည်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများနှင့် မကိုက်ညီဟုလည်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“အခုလက်ရှိ ဗမာပြည်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခတွေက NUG၊ PDF တွေ၊ EAO တွေ အဲဒီအင်အားစုတွေနဲ့ ဖြစ်နေတာ။ အဲဒီအင်အားစုတွေကိုတော့ အကြမ်းဖက်အဖွဲ့အစည်း ဆိုပြီးတော့ နိုင်ငံရေး မဆွေးနွေးဘူး။ ငြိမ်းချမ်းရေး မဆွေးနွေးဘူးလို့ လုပ်တယ်။ သူတို့နဲ့ ပဋိပက္ခမရှိတဲ့ NCA လက်မှတ်ထိုးထားတဲ့ အင်အားစုတွေနဲ့ ငြိမ်းချမ်းလုပ်နေတာ ရယ်စရာကောင်းတယ်” ဟု ဉီးသန်းစိုးနိုင်က ဆိုသည်။

စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေကြသည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းထားသည်။

သို့သော် လက်ရှိရင်ဆိုင်နေရသည့် ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အရေးတကြီး လိုအပ်လျက်ရှိနေကြောင်း ကိုးကန့်တပ်မတော် (MNDAA)၊ တအောင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့က ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

အောင်ထိန်(DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here