ထီးလင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လေးရက်ဆက် မီးရှို့ဖျက်ဆီး

0
115

မကွေးတိုင်း ထီးလင်းမြို့နယ်က ကျေးရွာလေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက (၄) ရက်ဆက် တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် (၁၁) လုံးနဲ့ ဇရပ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅) ရက်ကနေ (၂၈) ရက်နေ့အထိ ထလင်းကျေးရွာဝက်သက် တောင်ရွာနဲ့ ဝက်သက်အရှေ့ပြင်ရွာ၊ ဝက်သက်မြောက်ရွာတို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာပါ။

ထီးလင်းမြို့နယ်က ကျေးရွာ (၄) ရွာကိုမီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ ထီးလင်းမြို့ပေါ် ရွှေထီးခန်းမမှာ အထိုင်ချနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးမှာပါဝင်နေတယ်လို့ ထင်ခံရသူတွေရဲ့ အိမ်တွေကို နာမည်စာရင်းတွေနဲ့တကွ အတိအကျလိုက်ရှို့တာဖြစ်ပြီး မီးဘေးသင့်ပြည်သူတွေကို နီးစပ်ရာမိသားစုတွေက ကူညီပေးထားတယ်လို့ ဒေသံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မီးဘေးသင့်ပြည်သူတွေအတွက် စစ်ဘေးရှောင်စခန်း တည်ဆောက်နိုင်ဖို့ ပြင်ဆင်ပေးနေတယ်လို့ သူက ပြောပါတယ်။

ထလင်းရွာက ဦးဝင်းမြင့် ဦးအောင်မြင့်ဟိန်း ဦးသန်းဝင်းဦးတို့နေအိမ်တွေကို ဒီဇင်ဘာလ (၂၅) ရက်နေ့က မီးရှို့ခဲ့ပြီးဝက်သက်အရှေ့ပြင်ရွာက ကိုဇော်၊ကိုဟန်ထွန်း၊ ကိုအရိုး (ခ) ကိုနိုင်နိုင်၊ ကိုကျော်ဖေ နဲ့ဝက်သက်တောင်ရွာက ဦးမြင့်ကျော်၊ ဦးတက်လင်း၊ ဦးကျော်ဆန်းနဲ့ ကျေးရွာပိုင် ဌာနေဇရပ်တို့ ဒီဇင်ဘာလ (၂၆) ရက်က မီးရှို့ခံခဲ့ရတာဖြစ်ကာ ဒီဇင်ဘာ (၂၈) ရက်နေ့မှာတော့ ဝက်သက်မြောက်ရွာက ကိုဆန်းအောင်နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်က ပြည်သူတွေရဲ့ နေအိမ် (၃) သောင်းကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေရဲ့ နေအိမ်တွေကို အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးမှုတွေကို စစ်ကောင်စီက သူတို့လက်ချက်မဟုတ်ဘူးလို့ အမြဲလိုလို ငြင်းလေ့ရှိပြီး လွတ်လပ်တဲ့ သတင်းမီီဒီယာတွေနဲ့ ဒေသခံတွေက ဖြစ်စဉ်အသေးစိတ်နဲ့ ဓာတ်ပုံတွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မတိုင်ခင်က ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရိုဟင်ဂျာလူမျိုးတွေနဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here