မော်လမြိုင်ကျွန်းမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များ တိုက်ခိုက်ခံရသဖြင့် ဒေသခံ ၃၅ ဦး ဖမ်းခံရ

0
244

မော်လမြိုင်ကျွန်းတွင် စစ်ကောင်စီထောက်တိုင်၂ ဦး တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ကျော် ဆက်တိုက်ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး သတင်းပေးနှင့် ပျူစောထီးခေါင်းဆောင် ဆိုသူတို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၅ ဦးခန့် ဖမ်းဆီးခံထားရသည်။

ဒေသခံတစ်ဦးက “ပျူစောထီးခေါင်းဆောင်နဲ့ သူ့အမေ သေနတ်နဲ့ အပစ်ခံရတာရယ်၊ ကျွန်းကြီးရွာက ရာအိမ်မှူးအိမ် ဗုံးခွဲခံရတာရယ်က ဆက်တိုက်လိုလို ဖြစ်ခဲ့တာ။ အဲ့ဒီနောက်ပိုင်း ဆက်တိုက်ဖမ်းနေတာ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ဖမ်းနေတုန်းပဲ“ ဟု ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်ထဲက ကျွန်းကြီးကျေးရွာရှိ စစ်ကောင်စီထောက်တိုင် ရာအိမ်မှူး သတင်းပေး ဦးမြင့်စိုး၏ နေအိမ်ကို ဒီဇင်ဘာလ ၈ ရက်နေ့က ဗုံးဖေါက်ခွဲခံမှုဖြစ်ပွားပြီး ဆင်မဝဲချောင်းကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးမင်းမင်းနှင့် မဘသအဖွဲ့ခေါင်းဆောင် ဦးမင်းမင်း၏ မိခင်တို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိရာ နောက်ဆုံးရရှိထားသည့် စာရင်းအရ ဒေသခံ စုစုပေါင်း ၃၅ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းထားသည်ဟု ဒေသခံများက ပြောသည်။

အဖမ်းခံရသူများထဲတွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ဖြစ်ပွားသည့်နေ့က လမ်းများကို ပိတ်ဆို့စစ်ဆေးစဉ်က ဖမ်းခံထားရသည့် လမ်းသွားလမ်းလာများ၊ ဒေသခံတောင်သူများ၊ ဧည့်စာရင်းစစ်ရင်း မသင်္ကာမှုဖြင့် အဖမ်းခံထားရသူများနှင့် NLD ဝန်းရံသူအချို့ ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

အဖမ်းခံနေရသည့်သူများ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက “ဘယ်သူမှ ပြန်မလွတ်သေးဘူး။ စစ်တပ်နဲ့ ရဲက ရိုက်နှက်ဖို့လောက်ပဲ တတ်တဲ့သူတွေလေ။ အဲဒီတော့ ဖမ်းသွားတယ် ဆိုကတည်းက အဖမ်းခံရသူတွေအတွက် မိသားစုတွေ စိုးရိမ်နေကြတယ်။ ပိုက်ဆံမပေးနိုင်ရင်တော့ ထောင်ကျမှာ အသေအချာပဲ” ဟု ပြောသည်။

ကျွန်းကြီးကျေးရွာက ရာအိမ်မှူးဦးမြင့်စိုးက ၎င်းနှင့် မသင့်မြတ်သည့် ဒေသခံ ၂ ဦး၏ အိမ်ခြံမြေများကို ချိပ်ပိတ် ခံရအောင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပေါင်းပြီး လုပ်ကြံခဲ့သည့်အပြင် ဒေသခံများကို ခြိမ်းခြောက်ခြင်း၊ တော်လှန် ရေး အင်အားစုများကို နှောက်ယှက် ဖမ်းဆီးခြင်းနှင့် ဧည့်စာရင်းစစ် အတင်းအကြပ် ငွေညှစ်ခြင်းတို့ လုပ်သည့် အတွက် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု မော်လမြိုင်ကျွန်းမြို့နယ် PDF က သတင်းထုတ်ပြန် ထားသည်။

ထို့အတူ မော်လမြိုင်ကျွန်းမြို့နယ် ဆင်မဝဲချောင်းကျေးရွာက ပျူစောထီးစစ်ခေါင်းဆောင် မင်းမင်းနှင့် ၎င်းမိခင်ဆိုသူတို့က ဒေသခံ တော်လှန်ရေး အင်အားစုများကို အနှောက်အယှက်ပေးပြီး ဒေသခံများအပေါ် ခြိမ်းခြောက်မှုများလုပ်ခြင်းကြောင့် “EAGLE GUERILLA FORCE” (မော်ကျွန်း) အဖွဲ့က ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကျွန်းကြီးကျေးရွာရှိ စစ်ကောင်စီထောက်တိုင် ရာအိမ်မှူး သတင်းပေး ဦးမြင့်စိုး၏ နေအိမ် အနည်းငယ် ပျက်စီးမှုရှိခဲ့ကာ လူထိခိုက်မှုမရှိသော်လည်း ဆင်မဝဲချောင်းကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးမင်းမင်းနှင့် ၎င်း၏ မိခင်တို့ ပစ်ခတ်ခံရမှုမှာ သားအမိနှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးကုသနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here