ကျောက်တော်မဟာမုနိဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ပြောင်းရွှေ့ပေးရန် ဒေသခံပြည်သူများ လိုလား

0
260

ရခိုင်အမျိုးသားများ အထွဋ်အမြတ်ထားရာ ကျောက်တော်မြို့ မဟာမုနိဘုရားတွင် အပစ်ရပ်ထားပြီဖြစ်သော်လည်း စစ်ကောင်စီတပ် ဆက်လက်နေရာယူထား၍ ဘုရားဖူးများ မလာရဲသဖြင့် ဘုရားပရိ၀ုဏ်အတွင်း စခန်းချထားနေထိုင်သော စစ်တပ်ကို ပြောင်းရွှေ့ရန် ဒေသခံပြည်သူများလိုလားနေကြောင်း သတင်းရရှိသည်။

အနီးအနား ကျေးရွာတစ်ခုမှ ဒေသခံလူကြီးတစ်ဦးက “ဒီဇင်ဘာ၊ ရခိုင်လို နတ်တော်လတို့ ဆိုက ဘုရားဖူးတွေ အများအပြားလာကြတဲ့ လပါ။ ခါတိုင်းနှစ်တွေကဆိုရင် ဒီအချိန်ဆို ဘုရားဖူးတွေ အများအပြားလာကြတယ်။ အခုက တိုက်ပွဲလည်း ရပ်သွားပြီဖြစ်ပေမယ့် ဘုရားကို လူတွေ မလာရဲကြဘူး။ စစ်သားတွေက စစ်လားဆေးလားလုပ်မှာနဲ့ ဖုန်းတွေကို စစ်ဆေးမှာကို ကြောက်ကြတယ်။ လူတွေ စိတ်အေးချမ်းသာနဲ့ ဘုရားဖူးနိုင်အောင် စစ်တပ်ကို တစ်ခြားနေရာကို ရွှေ့ပေးရင် ကောင်းမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်က အေအေနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အလွတ်သဘော အပစ်ရပ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီကပိတ်ဆို့ထားသည့် ကုန်းလမ်း၊ ရေလမ်းအချို့ကို ပြန်ဖွင့်ပေးခဲ့သည်။

သို့သော်လည်း ကျောက်တော်မဟာမုနိဘုရားတွင် စစ်တပ်က ဆက်လက်နေရာယူထားဆဲဖြစ်ကြောင်း သိရှိရသည်။

ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားမှ ဂေါပကအဖွဲ့ဝင်တစ်ဦးက “ အပစ်အခတ် ရပ်စဲလိုက်ပြီးတဲ့ နည်းနည်းပါးပါးတော့ ဘုရားဖူးရောက်ကြတယ်။ အဝေးက လာရောက်ကြတဲ့ မဟုတ်ဘူး။ အနီးအနားသူတွေပဲ လာကြ၊သွားကြတာပါ။ အရင်နှစ်ကအခြေအနေနဲ့ လုံးဝမတူတော့ဘူး။ အရင်နှစ်ကဒီအချိန်ဆိုရင် အရမ်းစည်နေပြီ” ဟု ပြောဆိုသည်။

ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်သားများက နေရာတိုင်း သွားလာလှုပ်ရှားမှုများ ရှိနေ၍ လူထုအကြားတွင် စိတ်ပိုင်းဆိုင် မလုံခြုံသလို ခံစားနေကြရသည့် အပြင် အများပြည်သူများမှာ စီးပွားရေး အဆင်မပြေကြဟု သိရသည်။

ကျောက်တော်ဒေသခံတစ်ဦးက “အပစ်ရတယ်လို့ ပြောပေမယ့် နေရာတိုင်းမျာ စစ်သားတွေ သွားလာလှုပ်ရှားမှုရှိကြတယ်။ မဟာမုနိဘုရားအပါအဝင် နာမည်ကြီးဘုရားတွေရှိတဲ့ တောင်ပေါ်တွေမှာလည်း ဆက်လက်နေရာယူထားကြတော့ လူတွေက အခုထိ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနဲ့ စိုးရိမ်မှုတွေရှိနေကြတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေ စီးပွားရေကျပ်တော့ ငွေရေးအခက်အခဲတွေလည်းရှိကြတယ်။ အလုပ်အကိုင်တွေကလည်း အဆင်မပြေတော့လေ။ ဘုရားဖူးတွေကမရောက်သလောက်ပါပဲ။ ဘုရားမှာဈေးရောင်းတဲ့သူတွေလည်း စားဝတ်နေရေးအခက်အခဲသိပ်ဖြစ်ကြပါတယ်” နိရဉ္စရာသို့ပြောသည်။

လက်ရှိရခိုင်တွင် အပစ်ရပ်ထားသော်လည်း လမ်းခရီးတစ်လျှောက် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်များ ပြုလုပ်ပြီး စစ်ဆေးမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ပြည်သူများမှာ ဘုရားဖူးခရီး၊ အပျော်ခရီးတို့ကို မသွားဝံ့ကြသေးဟု ၎င်းက ပြောကြားသည်။

“စစ်ကောင်စီအနေနဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ အများပြည်သူတွေ လာရောက်ဖူးကြတဲ့ ဘုရားတွေမှာ နေရာယူထားတာတွေကိုတော့ ရုတ်သိမ်းသင့်ပါပြီ။ အခုက အပစ်လည်း ရပ်ထားပါပြီ။ တစ်ခြားနေရာယူလို့ရတဲ့နေရာတွေအများကြီးပါ။ ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ဘုရားတွေမှာတော့ နေရာမယူသင့်တော့ပါ” ဟု ပြောကြားသည်။

သမိုင်းဝင်တန်ခိုးကြီး မဟာမုနိဘုရားသည် ကျောက်တော်မြို့ အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး ၎င်းကုန်းတော်ပေါ်ရှိ မဟာရုပ်ရှင်တော်မြတ်ကို ၁၇၈၄ ခုနှစ်တွင် ရခိုင်ပြည်ကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခဲ့သည့် ဗမာဘုရင်တပ်များက မန္တလေးအမရပူရသို့ ပင့်ဆောင် ယူသွားခဲ့သည်။

လက်ရှိတွင် မဟာမုနိကုန်းတော်ပေါ်တွင် အလွန်သပ္ပါယ်သည့် ရှေးဟောင်းဘုရား တစ်ဆူစံပယ်တော်မူနေပြီး တန်ခိုးကြီးသဖြင့် ပြည်သူများ ယခုကဲ့သို့ ဘုရာဖူးရာသီတွင် နေ့ညမပြတ် လာရောက်ဖူးမျှော်ကြသော်လည်း လက်ရှိ အဆိုပါဘုရားပရိ၀ုဏ်အတွင်း စစ်ကောင်စီတပ်သားများ စခန်းချနေရာယူထားသဖြင့် ဘုရားဖူးသူများမလာရဲကြဘဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here