စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီး

0
145

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ကျေးရွာတစ်ရွာမှာ ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၁ နာရီခွဲအချိန် နေအိမ်တစ်လုံးအပေါ်တည့်တည့် စစ်ကောင်စီဖက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အဲ့ဒီနေအိမ် ထိမှန်ပျက်စီးခဲ့ရပါတယ်။

”မနက် ၁၁ နာရီခွဲအချိန်မှာ အရင်ဆုံး ဒရုန်းနဲ့လာကြဲသွားတယ်။ အိမ်ပေါ်တည့်တည့်ပေါ့။ လူတော့ထိခိုက်မှုမရှိဘူး။ ပီးတော့ လက်နက်ကြီး ၅ လုံးလောက် ရွာထဲ ကျတယ်။ အိမ်ရဲ့ပေတစ်ရာပတ်လည်မှာလည်း မီးစကြောင့် လောင်ကျွမ်းတာရှိတယ်။ ဒေသခံတွေ စုပေါင်းပြီး မီးငြိမ်းခဲ့ရတယ်“ လို့ မျက်မြင်တစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် အဲ့ဒီရက်မှာ ဒီးမော့ဆိုအခြေစိုက် ခမရ (၄၂၇) တပ်မှ ပစ်ခတ်တဲ့ ၈၁ မမ လက်နက်ကြီး ၅ လုံးခန့် အဲဒီကျေးရွာအတွင်း ကျရောက်ခဲ့တယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကစပြီး စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ ကင်းထောက်လှမ်းမှု ပြုလုပ်တာတွေရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစပြီး ဗုံးသီးတပ်ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လာတာကို တွေ့ရပါတယ်။

စစ်ကောင်စီက ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ဖို့ ဗုံးသီးတပ်ဒရုန်းများပိုမိုအသုံးပြုလာနိုင်ကြောင်း ကရင်နီပြည်အစိုးရ ကာကွယ်ရေးဌာန ဒု-ဝန်ကြီး ခူဒယ်နီယာယ်က နိုဝင်ဘာလ (၁၆) ရက်နေ့မှာ ကရင်နီအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ကန္တာရဝတီတိုင်း (မ်) ကို ပြောဆိုရှိခဲ့ပါတယ်။

နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here