စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် KNU တပ်မဟာ (၆) နယ်မြေ တောင်ကြာအင်းနှင့် လောင်းကိုင်ရွာများမှ လူနေအိမ် ၆ လုံး ထိမှန်ပျက်စီး

0
181

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာ ခရိုင်၊ တပ်မဟာ (၆) နယ်မြေအတွင်းရှိ တောင်ကြာအင်း နှင့် လောင်းကိုင်ကျေးရွာများဘက်သို့ ဒီဇင်ဘာလ ၁၁ ရက် ည ၈ နာရီကျော်အချိန်တွင် ကော့ကရိတ်အခြေစိုက် အမှတ် (၁၂) စစ်ကွပ်ကဲရေးဌာနချုပ်လက်အောက်ခံ လှိုင်ဝအမြှောက်တပ်မှ (၁၂၀) မမ အမြှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ် ၆ လုံး လက်နက်ကြီးကျည်ထိမှန်၍ ထိခိုက်ပျက်စီးခဲ့ ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီ၏ ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာအတွင်းရှိ ဒေသခံလူနေအိမ် ၂ လုံး ထိမှန်၍ မီးလောင်ပျက်စီးခဲ့သလို လောင်းကိုင်ကျေးရွာဘက်တွက်လည်း လူနေအိမ် ၄ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း လောင်းကိုင်ကျေးရွာသားတစ်ဦးက ယခုလိုပြောသည်။

“ညက လောင်ကိုင်းရွာနဲ့ တောင်ကြာအင်းရွာဘက်တွေကို လက်နက်ကြီး ၁၂၀ မမ အမြှောက်တွေနဲ့ ပစ်ခတ်တယ်။ ကော့ကရိတ် စကခ ၁၂ လက်အောက်ခံ လှိုင်၀အမြှောက်ကုန်းကနေ ပစ်တာပေါ့နော်။ တောင်ကြာအင်း တံတားထိပ် အထက်တန်းကျောင်းမှာ တပ်စွဲနေတဲ့ စစ်တပ်နဲ့ တံတားလုံခြုံရေး စစ်တဲ့ BGF စစ်ကတုတ်ကနေလည်း မော်တာစိန်ပြောင်းတွေနဲ့ ပစ်တယ်။ အိမ် ၂ လုံး မီးလောင်ပြာကျတယ်။ လောင်းကိုင်ရွာဘက်လည်း အိမ် ၄ လုံးလောက်လည်း လက်နက်ကြီးထိပြီး ပျက်စီးကုန်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် ကျေးရအတွင်းသို့ မဝင်ရောက်ရဲသေးသောကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးသော်လည်းပဲ ကျေးရွာအတွင်းရှိ ဒေသခံများမှာ စစ်ဘေးရှောင်နေကြသောကြောင့် လူထိခိုက်မှု မရှိကြောင်းလည်း အဆိုပါ ဒေသခံကဆက်ပြောသည်။

စစ်ကောင်စီဘက်မှ ယခု ဒီဇင်ဘာလဆန်းရက်များမှစတင်၍ နေ့စဉ် နီးပါး ကော့ကရိတ်မြို့နယ် ကျေးရွာများ ဘက်သို့ လက်နက်ကြီးဖြင့် ညအချိန် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသည့်အတွက် ဒေသခံ နေအိမ်များ ထိခိုက်ပျက်စီးမှု နှင့် မီးလောင် ဆုံရှုံးမှများ ပိုအဖြစ်များလာကြောင်းလည်း ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းများမှ မောင်းမ၊ ရွာသစ် ကျေးရွာများဘက်မှ ၎င်း တောင်ကြာအင်း၊ လောင်းကိုင်၊ ၀င်းကကျေးရွာများဘက်သို့ လှည့်လည်၍ တိုက်ကင်းပတ် သွားလာလှုပ်ရှားနေသည့်အတွက်လည်း ဒေသခံ ကျေးရွာသားများအနေဖြင့် ခူနီ၊ ဖားကျ၊ သမိန်ဒွတ်လမ်းများ မှ တစ်ဆင့် ကမ်းမရိုက်ကျေးရွာ၊ ကျုံဒိုး ငါးတိုင်၊ကိုးတိုင် ၊ဝိဇ္ဇာကုန်း စသည့်ကျေးရွာများဘက်သို့ စစ်ဘေးရှောင် နေထိုင်နေကြရကြောင်း ကိုယ်တိုင် စစ်ရှောင်နေရသူများက ပြောသည်။

ထိုသို့ စစ်ကောင်စီ တပ်ဘက်မှ တိုက်ကင်းများ လှည်လည်ခြင်းအပြင် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များမှ လည်း ညပိုင်း သောက်စားမူးယစ်ပြီးနောက် ကျေးရွာများဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး ထိုသို့ ပစ်ခတ်မှုကြောင့်လည်း စစ်ကောင်စီ အမြောက်ကုန်းဘက်မှ ထပ်မံ ပစ်ခတ်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း နှင့် အဆိုပါ ပစ်ခတ်မှုများကြောင့် ဒေသခံများ ကောင်းကောင်းမွန်မွန် မအိပ်စက်နိုင်ဘဲ လုပ်ကိုင် စားသောက်ခြင်း မပြုနိုင်ကြောင်းလည်း တောင်ကြာအင်း စစ်ရှောင်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “စစ်တပ်က နေ့ဘက်ဆို စစ်ကြောင်းပတ်တယ်၊ ကင်းပုန်းချတယ်။ တောင်ကြာအင်း-၀င်းက လမ်းမကြီး တစ်လျှောက်ပေါ့။ ကရင် BGFတို့ DKBA တို့လည်း ကင်းပတ်တယ်။ ညဘက်ဆို စစ်တပ်ဂိတ် BGF ဂိတ်တွေ က သောက်စားမူးယစ်ပြီး ဆိုရင် သေနတ်ဖောက်တယ်။ ရွာဘက်တွေ လက်နက်ကြီး ပစ်ထုတ်တယ်။ အဲ့လို လုပ်ပြီး ဆိုရင် စကခ ၁၂ တို့ ကော့ကရိတ် ၉၇ တပ်တို့ ဘက်ကနေ ကော့ကရိတ်တောင်ပိုင်း ရွာတွေဘက် ၁၂၀ မမ အမြှောက် လက်နက်ကြီး တွေ ပစ်ထုတ်ပြီးဘဲ။ ညဆို ကျင်းပုန်းထဲ ၀င်အိပ် ၊ ဘုန်းကြီးကျောင်းအောက်ဘက် တွေသွားရှောင်အိပ်ကြရတယ်။ အလုပ်မလုပ်ရ။ ခြံထွက်တွေ ရောင်းမရ ၀ယ်မရ ဆိုတော့ စားသောက်စရာ လည်း ပြတ်လပ်နေကြပြီး” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ကော့ကရိတ်တောင်ပိုင်း ကျေးရွာဒေသများမှာ စစ်ကောင်စီတပ်များနှင့် စတင်ဖြစ်ပွားနေသည့် တိုက်ပွဲကာလ တစ်နှစ်နီးပါးရှိလာနေသည့်အချိန် အထိ ဒေသခံ ကျေးရွာပေါင်း ၃၀ခန့်မှ စစ်ဘေးရှောင်နေကြရသူ (၇,၀၀၀)ဝန်းကျင် ရှိနေကြောင်း နှင့် ဒေသခံ တချို့မှာ ၎င်းတို့ကျေးရွာနေအိမ်များသို့ နေ့ဘက် ပြန်နေထိုင်ကြပြီး ညဘက်တွင်မူ ဘေးလွတ်နိုင်သည့် နေရာများသို့ ရှောင်တိမ်းနေကြရခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

အလားတူ ထိုသို့ တိမ်းရှောင်နေကြရခြင်းကြောင့် စစ်ရှောင်တချို့မှာ ကျန်းမာရေးစောင့်လျှောက်မှုနှင့် နေထိုင်စားသောက်ရေး အကူအညီရရှိမှုနည်းပါးနေသည့်အတွက် အခက်အခဲ ကြုံတွေ့နေကြရကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးနေသူများ၏ ပြောဆိုမှုအရ သိရသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here