စစ်ကောင်စီစစ်သားများ ပါရှိသည့် ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ကားသမား သေဆုံး

0
214

ကချင်ပြည်နယ် ဝိုင်းမော်နှင့် ချီဖွေ လမ်းမကြီးပေါ်တွင် စစ်ကောင်စီစစ်သားများ လိုက်ပါစီးနင်းလာသည့် ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ကားသမားဖြစ်သူ ကျည်ထိမှန်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွှဲပိုင်းအချိန် ချီဖွေမြို့နယ်ဘက်မှ ရွှေလုပ်ကျင်းသားများအပါ စစ်ကောင်စီစစ်သားအချို့ပါလာသည့် ဆယ်ဘီးကားတစ်စီး ဝိုင်းမော်မြို့နယ် မန်ဝိန်းကျေးရွာအုပ်စု လောဆာကျေးရွာအနီးတွင် ပစ်ခတ်ခံလိုက်ရသည်ဟု လောဆာကျေးရွာဒေသခံတစ်ဦး KNG ကိုပြောသည်။

“မနေ့ညနေ မန်ဝိန်းနဲ့လောဆာကြားမှာပစ်ခတ်ခံရတာဟုတ်တယ်။ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီပစ်ခတ်ခံရတဲ့ ကားကိုတွေ့ခဲ့တယ်။ အဲ့နားတဝိုက်က လူတွေကိုမေးကြည့်တော့ ကားထဲမှာ ချီဖွေဘက်နေ ကျင်းတွေသားတွေနဲ့ ရောထွေးပြီး ဗမာစစ်သားတွေ ပါလာလို့ပစ်ခတ်ခံရတယ်လို့ပြောကြတယ်။ ပစ်ခတ်ခံရတဲ့ ကားက ချောက်ထဲထိုးမောက်သွားတဲ့ပုံရတယ်။ ကားပေါ်မှာပါလာတဲ့သူတွေလည်း ဒဏ်ရာရကြတယ်လို့တော့ပြောတယ်။ ဒါပေမယ့် အသေးစိတ်မသိဘူး” ဟု ပြောဆိုသည်။

ကားပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းကားသမား၏ ဦးခေါင်းနှင့်ပေါင်ပေါ်တွင် သေနတ်ကျည်ဆံ တစ်ချက်စီထိမှန်ခဲ့ပြီး လူနာကို ဝိုင်းမော်ဘက်သို့ ပို့ဆောင်လိုက်ရာ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်းနှင့် ကားပေါ်တွင် ယာဉ်မောင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ရရှိထားသည်ဟု သိရသည်။

အဆိုပါ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၅၀ နှစ်အရွယ် ဦးဇေလွမ်းခေါ်သူဖြစ်ပြီး ပုံမှန် ဝိုင်းမော်နှင့် ချီဖွေလမ်းပိုင်းတွင် သွားလာနေသည့် မုဒ်ကြိတ်ကျေးရွာ ဒေသခံတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ချီဖွေနှင့်ဝိုင်းမော် လမ်းပိုင်းတွင် စစ်ကောင်စီနှင့် ဆက်စပ်မှုရှိသည့် ကုန်တင်ကားများ မကြာခဏပစ်ခတ်ခံရမှုဖြစ်ပွားနေပြီး ပြီးခဲ့သော ဩဂုတ်လ ၁၃ ရက်နေ့တွင် ချီဖွေဘက်မှ စစ်တပ်ပိုင် မြင်း ၉ ကောင်သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့ ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းဖြစ်သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here