“ကိုယ့်မရာအချင်းချင်းကြောင့် နောက်ထပ်မရာတစ်ယောက် မသေပါရစေနဲ့တော့လို့ ကျွန်တော်မှာချင်တယ်” Salai Bawi Kung (အကြံပေး၊ CDF-Mara)

0
206

Chinland Defense Force- Mara (CDF-Mara) အကြံပေးနှင့် အမေးအဖြေ

မြန်မာ့နွေးဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော ချင်းပြည်နယ်က မရာမျိုးနွယ်စုထဲက လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ Chinland Defense Force- Mara (CDF-Mara) နဲ့ Mara Administrative Territorial Council – MATC/MDF တပ်ဖွဲ့တို့ဟာ ယခင်အစောပိုင်းကတည်းက အငြင်းပွားမှုတွေ ဖြစ်ပွားနေခဲ့ရာကနေ အောက်တို ဘာလ ၃ ရက်နေ့ကစလို့ နှစ်ဖက်အကြားစစ်ရေး အခြေအနေတင်းမှာလာခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က ငဖိုင်ပီးကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်ခဲ့ကြပြီး ချင်းပြည်နယ်မှာလည်း မြို့နယ်ကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ မျိုးနွယ်စုကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့စုစုပေါင်း ၁၈ ဖွဲ့ကျော်ရှိပါတယ်။ CDF-Mara နဲ့ MATC/MDF တို့ဟာ မရာမျိုးနွယ်စုကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြပါတယ်။

ဘာကြောင့် မျိုးနွယ်စုတူ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်နေရတာပါလဲ။ သူတို့တပ်ဖွဲ့ ၂ ဖွဲ့ကြား မပြေလည်မှု တွေ၊ အငြင်းပွားမှုတွေက ဘာကြောင့်ပါလဲ။ ဖြေရှင်းဖို့ ဘယ်လိုလုပ်ဆောင်ဖို့လိုအပ်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး CDF-Mara ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Salai Bawi Kung ကို ဆက်သွယ်မေး မြန်းထားပါတယ်။

မေး။ ။ CDF-Mara နဲ့ MATC-MDF အကြားက အဓိကအငြင်းပွားမှုက ဘာလဲ။ မရာမျိုးနွယ်စုအချင်းချင်းကြားမှာ ဘာကြောင့် ခုလို ပဋိပက္ခတွေ ဖြစ်နေရတာလဲ။

အဖြ။ ။ မူဝါဒမတူဘူး၊ လူက မူဆွဲတယ်၊ မူကပဲလူတွေကို သက်ရောက်တယ်။ ဆိုတော့ အဖွဲ့စည်းတိုင်းက မိုးပေါ်က ကျလာတာမဟုတ်ဘူး။ လူကပဲတည်ထောင်တော့ အဲ့ဒီလူတွေရဲ့ စိတ်ဓာတ်အတိုင်းပဲ မူကထွက်ပေါ်လာတာ။ ဆိုတော့ သူတို့မူက စကစ ကိုမတိုက်ဘူးလို့ပြောတယ်။ သူတို့ စစ်ဦးစီးချုပ်ကိုလည်းကျွန်တော်တို့ ကောင်းကောင်းသိတာပေါ့။ သူကခနခနပြောတယ် စကစကို မတိုက်နဲ့ မင်းတို့ဘာနိုင်မှာလည်းမဟုတ်ဘူး။ CDM လည်းဝင်စရာမလိုဘူး။ ကျွန်တော် တို့က နိုင်ငံရေးကစားမယ် မင်းတို့ နိုင်ငံရေးနားမလည်ဘူး နိုင်ငံရေးကစားဖို့လိုတယ် အဲ့တော့ စကစ မတိုက်နဲ့ အခွင့် အရေးပဲယူရအောင်ဆိုပြီးတော့မှ သူတို့မူဝါဒချမှတ်တယ်။ စကစကို တိုက်ဖို့ သူတို့ရည်ရွယ်ချက်မရှိဘူး။ အိန္ဒိယဘက်က မရာတွေကလည်း ကျွန်တော့ကိုပြောပြတာပေါ့ တစ်ချို့နိုင်ငံရေး ကစားတတ်တဲ့သူက မီဇိုရမ်တော်လှန်ရေးလုပ်တုန်း ကလည်း တို့မရာတွေမပါပါဘူး။ ဒါပေမဲ့ ရတဲ့အချိန်ကျတော့ မရာ နယ်ကောင်စီ ရတာပဲ။ အဲ့ဒီလိုလုပ်တော့ ကျွန်တော် တို့က တော်လှန်ရေးကနေ ပေါက်ပွားလာတယ်ဆိုတော့ အချောင်မခိုချင်ဘူး။ တိုက်နိုင်သမျှတိုက်မယ် အသက်လည်း ပေးမယ် ရသင့်ရထိုက်တဲ့အချိန်မှာလည်းရမယ်၊ မရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရင်လည်းရမယ် တိုက်လည်းတိုက်မယ်။ တိုက်တဲ့အချိန်ကျတော့ မတိုက်ချင်ဘူး ရတဲ့အချိန်ရချင်တယ်။ ဒါက ဘုရားတရားနဲ့လည်းမကိုက်ညီဘူး။ အခြားသော လူမျိုးစု တွေကိုလည်း အားနာစရာလည်းကောင်းတယ်။ ဆိုတော့ အဲ့လိုမျိုးနိုင်ငံရေးတော့ ကစားတာမကောင်းဘူးဆိုပြီးမှ ပေါ်လစီကွာသွားတယ်။ ပေါ်လစီမတူတဲ့ဥစ္စာ အတူတူနေလို့မရဘူး။ အဲ့တာကြောင့်ပါ။

မေး။ ။ ဆရာတို့အနေနင့် ပြန်ပြီးညှိနှိုင်းဖို့ကြိုးစားခဲ့တဲ့ဟာမျိုးတွေကော်ရှိသလား။

ဖြေ။ ။ ညှိနှိုင်းဖို့ကြိုးစားခဲ့တာ ကျွန်တော်တို့ဘက်ကမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကတစ်ချိန်လုံး ရန်စတယ်။ အဲ့တာတော့ အမှန်တိုင်းပဲ။ ကိုယ်က စကစ တော်လှန်တယ် သူတို့က ရန်စတယ်။ ဒီ MDF တွေက ကျွန်တော့ရဲ့ ညီအစ်ကိုတွေ သူတို့ကိုတိုက်ဖို့လည်းမစဉ်းစားဘူး ဆန့်ကျင်ဖို့လည်းမစဉ်းစားဘူး၊ မရာကတော့ မရာပါပဲ ဆိုတော့ တစ်နေ့နေ့ တစ်ကြိမ်ကြိမ်ကျတော့ တစ်လုံးတစ်ဝတည်းဖြစ်မှာပေါ့။ ဘာအခက်ခဲမှလည်းရှိမှာ မဟုတ်ဘူး။ သို့သော် သူတို့ပေါလစီကိုပြောင်းဖို့လိုမယ်။ နောက်ပြီးတော့မှ သူတို့စိတ်ဓာတ်ကိုလည်းပြောင်းဖို့လိုမယ်။ သို့မဟုတ်ရင်တော့ မရာတွေ အခက်ခဲကြုံမယ် ရိုးရိုးသားသားနဲ့ပဲနေစေချင်တယ်။

မေး။ ။ မရာလက်နက်ကိုင်အဖွဲ့အချင်းချင်း ပြန်လည်ပေါင်းစည်းသင့်မြတ်ဖို့က ဆရာတို့ နစ်ဘက်စလုံးကနေ ဘာတွေဆောင်ရွက်သင့်သလဲ။

ဖြေ။ ။ ပထမဦးဆုံး အတူတကွ အလုပ်လုပ်လို့ရအောင်ဆိုရင်တော့ လုပ်ရပ်တွေ သူတို့ပြောင်းဖို့လိုမယ်။ အွန်လိုင်းမှာ ကြည့်ပါလား ဆဲတာတို့ဘာတို့ ဘယ်သူတွေကလည်း။ ကြေညာချက်ထုတ်ပြီးမှ လိမ်ညာပြီးတော့မှ ထုတ်နေတာလဲ ဘယ်သူတွေလဲ၊ ကျွန်တော်တို့ကြတော့ အဲ့လိုမျိုးမဟုတ်ဘူး အမှန်ကိုအမှန်တိုင်း ပြောတတ်တယ် ဝန်ခံတတ်တယ်။ ဆိုတော့ ပုတ်ခတ်တဲ့စာကိုမရေးတတ်ပါဘူး။ ဆိုတော့သူတို့ကိုလည်း အညှိးလည်းမထားပါဘူး။ သို့သော် သူတို့လုပ်ရပ်တွေ အပြောအဆိုတွေ အမူအကျင့်တွေ ပြောင်းဖို့လိုမယ်။ ခရစ်ယာန်ကျမ်းစာမှာရှိတာပေါ့ လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်သော သတ္တဝါဖြစ်တယ်ဆိုတာ သူတို့စိတ်နှလုံး ပြောင်းလဲပြီဆိုရင်တော့ ဒါတွေကတော့ ပြောစရာကိုမလိုဘူး။ သို့သော် သူတို့က စိတ်ထားတွေမပြင်သေးဘူး၊ ရည်ရွယ်ချက်တွေလည်းမပြောင်းသေးဘူးဆိုရင်တော့ ဘယ်သူကြီးပဲလာလာ ဘာကြီးပဲလာလာ ဖြစ်မယ်မထင်ဘူးလို့ ကျွန်တော်မြင်တယ်။

မေး။ ။ အဖွဲ့စည်းတစ်ခုခုကနေ ကြားဝင်ဆောင်ရွက်ပြီးတော့ ဥပမာ CJDC လိုမျိုးက ကြားဝင်ညှိနှိုင်းပေး အဲ့လိုမျိုး ဆိုရင်တော့ နှစ်ဘက်အငြင်းပွားမှုတွေက ပြေလည်နိုင်မယ်လို့ပြောတာမျိုးတွေရှိတယ်။ ဆိုတော့ အဲ့ပေါ်မှာကော ဆရာတို့အနေနဲ့ ဘယ်လိုသဘော ထားအမြင်ရှိလဲ။

ဖြေ။ ။ သူတို့က CJDC အဖွဲ့ဝင်တွေမှ မဟုတ်တာ၊ သူတို့ဟာသူတို့ နေနေတာ ဆိုတော့ CJDC ကကြားဝင်ပေး လို့မရဘူး။ ကြားဝင်ပေးနိုင်တာက မရာ ကပဲ ဖြစ်မှာပေါ့ ဘာဖြစ်လို့လည်းဆိုတော့ သူများ နဲ့ဖြစ်နေတာမဟုတ်ဘူး မရာအချင်းချင်းဖြစ်နေတာပဲလေ မရာကပဲ လုပ်ရမှာပေါ့။ သူတို့လည်း ပွင့်ပွင့်လင်းလင်း ပြောပါလား။ ကဲ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ ဒီလိုပဲလုပ်မယ် ပေါ်လစီပဲပြောင်းမယ်ဆိုရင်တော့ ဆွေးနွေးစရာတောင်မလိုဘူး။ ဒါလွယ်လွယ်လေးဥစ္စာကို သူတို့ခက်အောင်လုပ်တယ်။

မေး။ ။ ဟုတ်ကဲ့ ဆိုတော့ နှစ်ဖက်ပြန်လည်ပေါင်းစည်း သင့်မြတ်ဖို့ပေါ့လေး ဘယ်လိုမျိုးလုပ်ဆောင်ရင်ကောင်းမလဲ ဆရာ့အမြင်ပြောပြပေးလို့ရမယ်လား။

အဖြေ။ ။ စစ်ကောင်စီကို ပြတ်ပြတ်တိုက်မယ်ဆိုတဲ့ ပြင်ဆင်ချက်လုပ်ရမယ်၊ သူတို့ရဲ့ မူဝါဒတွေလည်းပြောင်းရမယ်။ ပြီးရင်တော့ ရန်ရှာတဲ့စကားတွေ မပြောဖို့ အရေးကြီးမယ်။ ဆိုတော့ ဖြစ်စေချင်တာကတော့ စိတ်ပြောင်းလဲပြီဆိုရင် ကိုယ့်အချင်းချင်းပဲ လွယ်လွယ်လေးကိစ္စကို သူတို့က ခက်အောင်လုပ်နေတာ။

မေး။ ။ အခြားဘာများ ဖြည့်စွပ်ပြောချင်တာရှိလဲ။

အဖြေ။ ။ ကျွန်တော် လူကြီးတစ်ယောက်အနေနဲ့ ဖြည့်စွပ်ချင်တာက ကျွန်တော်တို့ မရာတွေကတော့ မျော်လင့်ချက်ရှိ တယ်၊ ဝမ်းသာစရာကောင်းတာကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမယ် အဲဒါ မရာတွေအတွက် ဝမ်းသာစရာဖြစ်တယ်၊ မရာကို ဘယ်သူမှ အုပ်ချုပ်လို့မရဘူးနော်၊ ပလက်ဝလည်းမရဘူးနော် မတူပီ လည်းမရဘူး၊ ထန်တလန်လည်းမရဘူး၊ မရာပဲအုပ်ချု ပ်ရမှာ ဘာဖြစ်လို့အဲ့လိုပြောသလဲဆိုရင်တော့ တိုက်ပွဲဝင်တာကိုး တိုက်တဲ့အချိန်မှာ နစ်နာခံတဲ့အချိန်မှာ နစ်နာခံတယ်။ ရသင့်ရထိုက်တဲ့အချိန်မှာ တို့ရမယ်။ အဲ့ဒီဥစ္စာကို မရာတွေကို သတင်းကောင်းပါး ချင်တယ်။ မရာကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမယ် သို့သော် ဒီမှာတစ်ခုရှိတာကတော့ စစ်ကောင်စီကို မနိုင်ပဲနဲ့တော့ မရာ ကိုယ်ပိုင်အုပ်ချုပ် ရေးရဖို့က အဆင်ပြေမှာမဟုတ်ဘူး။ အဲ့တော့ စကစ ကိုနိုင်အောင်တိုက်ကြရမယ်။ အုပ်ချုပ်ရေးတွေ ဘာတွေဖွဲ့တဲ့ အချိန်မှာ မရာ တွေအားလုံးကကြိုက်တဲ့နာမည်သုံးလို့ရတယ်လေ မရာကောင်စီဖြစ်ချင်ဖြစ်မယ်၊ ဥပမာ MATC လည်း ဖြစ်ချင်ဖြစ်မယ် မရာတွေက ကြိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့လိမ့်မယ်။ ဆိုတော့ နောင်တစ်ချိန်ချိန်မှာ မရာ ကတော့ တကယ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာပြီးတော့မှ အတူတကွ နင်လား ငါလားဆိုတာရှိမှာမဟုတ်တော့ဘူး၊ အတူတကွ အလုပ်လုပ်ကြမယ်။ ဆိုတော့ တစ်ဘက်နဲ့တစ်ဘက် ဆိုပြီးတော့မှမလုပ်ကြတော့ပါနဲ့ နောက်ပြီးတော့ CDF-Mara ပဲဖြစ်ဖြစ် MDF-Mara ပဲဖြစ်ဖြစ် ကိုယ်က မရာ တွေဖြစ်တယ်။ တစ်ချက်သတိထားရမှာကတော့ ကိုယ့်မရာအချင်းချင်း ကြောင့် နောက်ထပ် မရာ တစ်ယောက် မသေပါရစေနဲ့တော့လို့ ကျွန်တော်မှာချင်တယ်။

(မှတ်ချက်။ ။ မရာမျိုးနွယ်စု တပ်ဖွဲ့နှစ်ဖွဲ့အကြား ဖြစ်ပွားနေသော ပဋိပက္ခများအား နှစ်ဖက်တာဝန်ရှိသူများမှ သဘောထားကြီးကြီးဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ နှစ်ဖက်တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းရခြင်းဖြစ်သည်။ အခြားမည်သည့်ရည်ရွယ်ချက်မှ မရှိပေ။ ပြီးခဲ့သည့် အောက်တိုဘာလတုန်းက MATC/MDF တာဝန်ရှိသူ ဦးခိုင်ဆာ ကို ဆက်သွယ်မေးမြန်းခဲ့ပြီးဖြစ်သည်။ ယခုအခါ CDF-Mara ဘက်က တာဝန်ရှိသူ Salai Bawi Kung ကို တွေ့ဆုံးမေးမြန်းခဲ့ခြင်းဖြစ်သည်။)

LEAVE A REPLY

Please enter your comment!
Please enter your name here