“လက်နက်ကိုင်အင်အားစုက မဟုတ်ဘဲနဲ့ လူပုဂ္ဂိုလ်တစ်ယောက်နှစ်ယောက်ကပဲ စုဖွဲ့ပြီးတော့မှ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ငွေကြေးတောင်းခံပြုမူတာမျိုး၊ ဓားပြဆန်ဆန် ပြုမူဆက်ဆံတာမျိုးဆိုရင်တော့ ကျနော်တို့က KSP (ကရင်နီပြည်ရဲဌာန) ထံ လွဲပြောင်းပြီးတော့မှ အမှုတွေကို အပ်နှံဖို့ဆိုတဲ့ပုံစံမျိုး ပိုပြီးဖြစ်ပါလိမ့်မယ်” တာဝန်ရှိသူတစ်ဦး (ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ၊ KNDF)

0
251

KNDF ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ (ITF) မှ တာဝန်ရှိသူတစ်ဦးနှင့် အမေးအဖြေ

၂၅ နိုဝင်ဘာ ၂၀၂၂

ကရင်နီပြည်မှာ တော်လှန်ရေးကို အကြောင်းပြပြီး အကြောင်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ငွေတောင်းတာတွေ ရှိနေပါတယ်။ အဲဒီလိုခြိမ်းခြောက်ငွေတောင်းတာတွေကို ဖမ်းမိထားတာရှိသလို တိုင်ကြားမှုတွေလည်း ပြုလုပ်နိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ခြိမ်းခြောက်ငွေတောင်းမှု ကိစ္စနဲ့ပတ်သက်ပြီး ကရင်နီပြည်မှာ ဘယ်လိုမျိုးတွေ့မြင်နေရလဲ။ ဘယ်လိုပုံစံမျိုးဖြေရှင်းပေးမှာလဲ ဆိုတာကို KNDF ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ (ITF) မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

မေး – ဆရာတို့ ခြိမ်းခြောက်ငွေတောင်းမှုဖြစ်ရပ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ။

ဖြေ – ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ အဓိက ကတော့ မေတ္တာရပ်ခံတဲ့ သဘောကို ပိုပြီးရည်ရွယ်ပါတယ်။ ကျနော်တို့ တစ်စုံတစ်ယောက်ကို ကြေညာတာထက် စာရင် သိရှိအောင် လုပ်ဆောင်ရင်းနဲ့ ကျနော်တို့ သဘောထားကို မေတ္တာရပ်ခံတဲ့ သဘောဖြစ်ပါတယ်။ ဆိုတော့ အဓိကကတော့ ကြေညာချက်မှာ ရေးထားသလိုပဲ ငွေညှိတောင်းခံမှုတစ်ခုကို ကျနော်တို့ သတင်းရရှိပြီးမှ changes လုပ်တဲ့နေရာမှာ စောင့်ကြိုပြီး ဖြစ်စဉ်တစ်ခုလုံးကို ကျနော်တို့ တွေ့ရှိခဲ့တယ်။ လက်ရဖမ်းဆီးမှုကို မလုပ်နိုင်ခဲ့ပေမဲ့ ဘယ်သူဘယ်ဝါလည်းဆိုတာ တစ်စုံတစ်ရံ အတိုင်းအတာထိ ကျနော်တို့ လူပ္ပိုလ်အားဖြင့် သိရှိသွားခဲ့တယ်။ ယခင်တုန်းကလည်း ဒီလိုအခြေနေမျိုးကို ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ဟာတွေ ရှိခဲ့ဖူးတော့ ဒီဟာတွေက မပပျောက်သွားတဲ့ အပြင် တစ်စိပ်စိပ် တစ်စတစ်စ ပိုပြီးမှ များလာတဲ့သဘောရှိတဲ့အတွက် ကျနော်တို့က အတိုင်းအတာ တစ်ခုထိ အဟန့်အတားဖြစ်အောင် သက်ဆိုင်သူအားလုံး ဆင်ခြေနိုင်အောင်ဆိုပြီးမှ ကျနော်တို့ဒီ ကြေညာချက်ကို မေတ္တာရပ်ခံချက်ဆိုပြီးမှ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ ပြည်သူလူတွေကိုလည်း ဒီလိုအခြေနေမျိုးကြုံရရင် ဘယ်လိုရင်ဆိုင်သင့်လည်းဆိုတာကို ကျနော်တို့ အကြံပြု သတင်းစကားပါးချင်တဲ့ ရည်ရွယ်ချက်လည်း ပါတယ်။

မေး – ထုတ်ပြန်ချက်မှာ အရင်ကလည်း ဆရာတို့ အဲဒီလိုခြိမ်းခြောက်မှုတွေကို လက်ပူးလက်ကြပ်ဖမ်းမိတာ အရင်ကလည်းရှိခဲ့ဖူးတယ်ဆိုတော့ အဲဒီလို ခြိမ်းခြောက်ငွေညစ်တောင်းခံမှုတွေက ဘယ်လောက်များနေလဲ။ ဆရာတို့ ဘယ်နှကြိမ်လောက် ဖမ်းဆီးခဲ့ဖူးလဲ။

ဖြေ – ယခင်ကလည်း ဖမ်းဆီးရမိတာမျိုးတွေရှိတယ် ဆိုတဲ့ဟာက ကျနော်တို့က တမင်တကာ တရားခံ တစ်ယောက်ကို ဖမ်းသလို ဖမ်းပြီးမှ ရမိတာမျိုးထက်စာရင် ကျနော်တို့က မှုခင်းကိုသေချာသိအောင် စုံစမ်း လေ့လာတဲ့သဘော အနီးကပ်စောင့်ကြည့်တဲ့သဘော ပိုဆန်တဲ့အတွက် ဘယ်သူဘယ်ဝါလည်း ကျနော်တို့ မျက်ဝါးထင်ထင်တွေ့ခဲ့ပေမဲ့ တရားခံတစ်ယောက်ကို ဖမ်းဆီးသလိုမျိုးတော့ မဖမ်းဆီးခဲ့ပဲနဲ့ ကျနော်တို့ ဒီကြေညာချက်မှာ ရေးထားသလိုမျိုး ငွေကိုပြန်ပေးခိုင်းတာမျိုးတွေ အခြားသောနည်းလမ်းမျိုးတွေနဲ့ ကျနော်တို့ ကြားဝင်ပြီးမှ ဟန့်တားတာမျိုးတွေ တစ်ခုခုပေါ့လေ။ ဒီလိုဆောင်ရွက်ခဲ့တာမျိုး ရှိပါတယ်။ ငွေကြေးတွေ ဘယ်လောက်များလည်း ဆိုတာကတော့ ငွေကျပ်သိန်း ရာချီလို့ ပြောလို့ရပါတယ်။ ပြီးတော့မှ အရေတွက်တွေကတော့ ဘယ်နှစ်ကြိမ်လောက်လည်းဆိုတဲ့ဟာကတော့ အပိုင်း ၂ ပိုင်းရှိပါတယ်။ KNDF စတင်ဖွဲ့စည်းပြီးမှ ဒီလိုမှုခင်းတွေ ကြုံတွေ့ကိုင်တွယ်ရတဲ့ အကြိမ်အရေအတွက်တွေ တချို့ရှိတယ်။ ဒါအစောပိုင်းပေါ့။ ဒီ ITF လို့ခေါ်တဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး နောက်ပိုင်းမှာကတော့လည်း အကြိမ်ရေ ၂ ကြိမ် ၃ ကြိမ်လောက် ကျနော်တို့ တိုင်တန်းမှုလက်ခံရရှိတဲ့ ဝါဒမျိုး ဖြစ်ပါတယ်။ တချို့ဟာတွေကတော့ ခဏပြောသလိုမျိုး ကျနော်တို့ လက်ပူးလက်ကြပ်ကိုပဲ ဘယ်သူဘယ်ဝါမှန်း ကျနော်တို့ ကျကျနန သိလိုက်ရတယ်။ တချို့ကတော့ ဘယ်လိုမှ စုံစမ်းလို့မရတာလည်း ရှိတယ်။ တချို့ဟာတွေကတော့ ကျနော်တို့ မသိလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိမယ်လို့ ဒီလိုယူဆပါတယ်။

မေး – ဆရာတို့ ဖမ်းဆီးရမိသူတွေကို ဘယ်လိုဆောင်ရွက်ခဲ့လဲ။

ဖြေ – ဖမ်းဆီးရမှုကို ဘယ်လိုဆောင်ရွက်ခဲ့လဲဆိုတဲ့ နံပါတ် ၃ မေးခွန်းကတော့ အပေါ်မှာပြောသလို အပိုင်း ၂ ပိုင်းရှိတဲ့အခါမှာ ITF မဖွဲ့ခင် အစောပိုင်းတွေမှာကတော့ ကျနော်တို့ တစ်စုံတစ်ရာ ထိထိမိမိ ကြားဝင်နိုင်ခဲ့တာမျိုး သိပ်မဟုတ်ပဲနဲ့ ဘယ်သူဘယ်ဝါလည်းဆိုတာကို အတိုင်းအတာ တစ်ခုထိ ကာယံကံရှင် သိသွားအောင်ပဲ ကျနော်တို့ စုံစမ်းမှု လုပ်ပေးခဲ့တယ်။ မျက်မြင်သက်သေရအောင် ကြိုးစားပေးခဲ့တာမျိုးတွေ ဖော်ထုတ်တာမျိုးတွေလောက် လုပ်ခဲ့တာဖြစ်ပါတယ်။ အရှေ့ပိုင်းပေါ့နော။

ITF ဖွဲ့ပြီးတဲ့ နောက်ပိုင်းမှာကတော့ အပေါ်မှာ ပြောသလိုပဲ တချို့ ကျနော်တို့ လက်ပူးလက်ကြပ်ပေါ့ မျက်နှာချင်းဆိုင်ကို ကျနော်တို့ ထိပ်တိုက်တွေ့ပြီးမှ ရှောင်လွဲလို့မရတဲ့ထိ ကျနော်တို့ ကြုံတွေ့တဲ့ အချိန်မျိုးတွေ ရှိတဲ့ခါမှာတော့ ကာယံကံရှင်ကို ငွေသားပြန်ပေးခိုင်းတာမျိုး ပြီးတော့ သက်ဆိုင်တဲ့သူတွေကို အသိပေးအရေးယူနိုင်ဖို့ မိတ္တာရပ်ခံတာမျိုးပေါ့။ ကျနော်တို့ ဒီလိုမျိုး လုပ်ခဲ့တာရှိတယ်။ ဆိုလိုချင်တာကတော့ ကိုယ့်အဖွဲ့စည်းမဟုတ်တဲ့ အခြေနေမျိုးမှာကတော့ ကျနော်တို့ လုပ်နိုင်တဲ့ အတိုင်းအတားတွေကလည်း အကန့်အသတ်ရှိပါတယ်။ တကယ်လို့ KNDF တပ်တွင်းဖြစ်တယ်ဆိုရင်တော့ ကျနော်တို့က ထိရောက်ပြင်းထန်တဲ့ အရေးယူမှုမျိုးတွေကို ပိုပြီးလုပ်နိုင်မယ်လို့ ပြောလို့ရပါတယ်။

မေး – အဲဒီငွေတောင်းခံတဲ့ သူတွေဟာ လက်နက်ကိုင်အစုအဖွဲ့လား။ ဘယ်သူတွေလဲ။ သူတို့အဖွဲ့နာမည်တွေရှိလား။

ဖြေ – အဲ့ဒီငွေတောင်းခံတဲ့ သူတွေက လက်နက်ကိုင်အစုအဖွဲ့လား။ ဘယ်သူတွေလဲဆိုတဲ့ဟာတွေကတော့ သူတော့ ပုံစံအမျိုးမျိုးရှိတယ်။ နံပါတ် တစ် တကယ်ပဲလက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ အစုအဖွဲ့ထဲက လူတွေ တချို့ရှိတယ်။ သို့သော် အဲဒီအဖွဲ့က ဆုံးဖြတ်ချက်ရှိရှိနဲ့ တစ်ဖွဲ့လုံး ကလုပ်တယ်လို့တော့ ကျနော်တို့ မဆိုလိုဘူး။ အဲဒီအဖွဲ့မှာပါဝင်တဲ့ လူပုဂ္ဂိုလ်တချို့က တစ်ဦးစ နှစ်ဦးစ သို့မဟုတ်ရင်လည်း လေးငါးယောက်လောက်က စုပေါင်းပြီးတော့မှ စိတ်ပိုင်းအရသော်လည်းကောင်း လူပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း ဒါကို ဆောင်ရွက်တာမျိုးဖြစ်နိုင်တယ်လို့ ကျနော်တို့ ဒီလို ယူဆတယ်။အဖွဲ့ကိုတော့ ကျနော်တို့ ရည်ညွှန်းပြီး ကောက်ချက်ချလို့ မရဘူးလို့ ကျနော်တို့ထင်တယ်။ ဒါကတော့ ပုံစံတစ်မျိုးပေါ့။

ဒုတိယတစ်မျိုးကတော့ အရင်တုန်းက လက်နက်ကိုင်အဖွဲ့အစည်း သို့မဟုတ် တော်လှန်ရေး ကဏ္ဍတစ်ခုခုမှာ ပါဝင်ခဲ့တယ်။ ဒါပေမယ့်ပြစ်မှု တစ်စုံတစ်ရာကြောင့် သို့မဟုတ် သူတို့ဘက်က အကြောင်းပြချက်အမျိုးအမျိုးနဲ့ အဖွဲ့ကနေ ထုတ်ပယ်ခံရတာ။ ထွက်ခွာသွားတာ ပြီးနောက်ပိုင်းမှ တစ်ယောက်နှစ်ယောက် သို့မဟုတ် လေးငါးယောက်လောက် စုဖွဲ့ပြီးတော့မှ အဖွဲ့အစည်းတစ်ခု အသွင်ယူပြီးတော့မှငွေကြေးတောင်းခံမှုတွေကို တခါတလေ အဲ့လိုဖြစ်စဉ်မျိုးလည်း တွေ့ဖူးပါတယ်။ တခါတလေဆို KNDF လိုလို PDF လိုလို တခြားသော EAOs လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလိုလို ဒီလိုအသွင်ယူပြီးတော့မှ တောင်းခံတာမျိုးတွေလည်းရှိတယ်လို့ ကျနော်တို့ ကြုံတွေ့ရတာရှိတယ်။ ဒါကတော့ အုပ်စုတချို့ ။ တချို့ကတော့ မြေပြင်တပ်ဖွဲ့တွေ တကယ့် ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းကပဲ လုံခြုံရေးအရ သို့မဟုတ်ရင်လည်း စစ်ဆင်ရေးအရ မြေပြင်မှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင် တချို့ကလည်း လိုအပ်ချက်သော်လည်းကောင်း သို့မဟုတ်ရင်လည်း သူတို့နားလည်မှုအားနည်းမှုကြောင့် သော်လည်းကောင်း တခါတလေ ပြည်သူတွေဆီကနေ ငွေကြေးအလှူခံတာ အခွန်ကောက်ခံတဲ့ သဘောကို ဆန်တဲ့ ဖြစ်စဉ်မျိုးတွေလည်းကြုံရပါတယ်။ ဥပမာ ကုန်ကားဖြတ်သန်းသွားလာတဲ့အခါမှာ ငွေကြေးတောင်းခံတဲ့ ကိစ္စတွေမျိုးလည်း ကြုံရပါတယ်။ ဆိုတော့ ကျနော်တို့ တိတိပပပြောနိုင်တဲ့ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့ထဲကလူတွေကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံးဒါတွေကို ဒီနောက်ပိုင်းမှာ ကျနော်တို့ ကြပ်ကြပ်မတ်မတ်လမ်းညွှန်ပြီးတော့မှ ဒါတွေကို ကင်းရှင်းအောင်နေဖို့ အမြဲတမ်းလမ်းညွှန်ထားခဲ့ပါတယ်။

မေး – ဒီလိုခြိမ်းခြောက်မှုတွေက လူထုတွေကြားမှာ ဘယ်လောက်များများရှိနေပြီလို့ ပြောလို့ရလဲ။

ဖြေ – ခြိမ်းခြောက်မှုတွေ ပြည်သူတွေ ဘယ်လောက်ကြုံရပြီလည်း ဆိုတာ အပိုင်း ၂ ပိုင်းပြောလို့ရမယ်။ သာမန်အားဖြင့် နေ့တဓူဝ လူတွေအများစု ကြုံရတာကတော့ အဖွဲ့စည်းတစ်ခုခုပေါ့လေ။ ကျနော်တို့ KNDF အပါအဝင် လက်နက်ကိုင်အဖွဲ့စည်း တစ်ခုခုက ထိန်းချုပ်ထားတဲ့နေရာတွေကို ဖြတ်သန်း သွားလာတဲ့အခါမှာ စစ်ဆေးရင်းနဲ့ တားမြစ်ကုန်တွေပါတယ် အကြောင်းပြချက်နဲ့သော်လည်းကောင်း၊ အခြားအကြောင်းပြချက်အမျိုးမျိုးနဲ့သော်လည်းကောင်း ငွေကြေးကောက်ခံတာမျိုး ဂိတ်ကြေးကောက်ခံတာမျိုးတွေ တခါတလေ ကားတွေ ဖမ်းဆီးပြီးမှ ပြန်လာရွေးခိုင်းတာမျိုးတွေ ဒါတွေက ကြုံရတာတွေ တစ်ပိုင်းရှိတယ်။ ဒုတိယ တစ်ပိုင်းကတော့ လုပ်ငန်းရှင်တွေကို ပိုပြီး ဦးတည်တယ်လို့ ယူဆလို့ရတယ်။ အခုလိုမျိုး ဖြစ်စဉ်မျိုးတွေ ဖြစ်ပါတယ်။ ငွေပမာဏများများနဲ့ပေါ့နော တော်လှန်ရေးအတွက် အကြောင်းပြုတယ်။ တချို့ကတော့ ဒလန်ဖြစ်လို့လာ ဘာလဲ ခေါင်းစဉ်အမျိုးမျိုးနဲ့ တောင်းကြတာမျိုးတွေဖြစ်တယ်။ ငွေ ကျပ်သိန်းရာနဲ့ချီပြီး တောင်းကြတာမျိုးတွေဖြစ်တယ်။ ဆိုတော့ အရေအတွက်တော့ အတိကျကို အလုံးစုံတော့ မသိနိုင်ဘူး။ သို့သော် ကျနော်တို့ထင်တယ်။

ကြုံတွေ့ရမှုတွေကတော့ တစ်စထက်တစ်စ နီးနီးကပ်ကပ်လေး ဖြစ်လာတယ်ပေါ့။ စိပ်စိပ်လေး ဖြစ်လာတာပေါ့။ ဒီးမော့ဆိုတို့၊ လွိုင်ကော်တို့၊ ဖယ်ခုံတို့၊ မိုးဗြဲတို့က ကျနော်တို့ဒေသသားပဲ ရှိတာပေါ့လေ။ နည်းနည်းလူနေမှုများတဲ့ ဒေသဆိုလို့ အဲမှာ လုပ်ငန်းရှင်တချို့ အနည်းငယ်ပဲ ရှိမှာပါ။ သို့သော် တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်းမှာ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုကတော့ လုပ်ငန်းရှင်ရယ်လို့လည်း တိတိကျကျ ဘယ်မှမရှိတော့ဘူး။ စစ်မြေပြင်လို့လည်း ဖြစ်ကုန်တယ်။ နဂိုကတည်းကလည်း သိပ်ပြီးမှ စီးပွားရေးအရ ကြီးမားတဲ့ ပုဂ္ဂိုလ်တွေမရှိတာလည်း ပါတယ်။ လွိုင်ကော် ကတော့ အနည်းကျဉ်းလေး ရှိတာပေါ့။ ဒါပေမယ့် တိုက်ပွဲဖြစ်ပွားတဲ့ နောက်ပိုင်းမှာ စီးပွားရေးအခက်ခဲတွေကြောင့် မြို့ကိုစွန့်ခွာသွားတဲ့ သူတွေရှိတယ်။ အနည်းငယ်လောက်တော့ သူတွေသာ ကျန်ရစ်ခဲ့တဲ့အချိန်ခါမျိုးမှာ ဒီလို ခြိမ်းခြောက်မှုတွေက တစ်စပြီးတစ်စ ပိုပြီး ခပ်စိပ်စိပ်လေး ကြုံလာရတယ်လို့ ပြောလို့ရပါတယ်။

မေး – အရင်ကဆရာတို့ ဖမ်းမိခဲ့တဲ့သူတွေက တစ်ကြိမ်နဲ့တစ်ကြိမ် ချိတ်ဆက်မှုတွေရှိလား။ ချိတ်ဆက်မှုရှိရင် ဘယ်လို ချိတ်ဆက်မှုတွေရှိလဲ။

ဖြေ – အရင်တုန်းက ကျနော်တို့ ဖမ်းဆီးတယ်လို့ မသုံးတော့ပဲနဲ့ ကျနော်တို့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တဲ့သူတွေက အခြားသောဖြစ်စဉ်တစ်ခုမှာ ပါဝင်တဲ့ အခြေအနေမျိုးတွေ ချိတ်ဆက်မှုရှိတာမျိုးတွေ တွေ့ရပါတယ်။ ဒါကြောင့်မလို့ပဲ အရင်တုန်းက ကာယံကံရှင်ကြားမှာ ကျနော်တို့က ဖြန်ဖြေမှုတွေ တစ်စုံတစ်ရာထိန်းကျောင်းမှုတွေ လုပ်ရာကနေ ချိတ်ဆက်မှုတွေရှိနေတဲ့အတွက် ဒီနေ့ ကြေညာချက်ကို ထုတ်ပြန်ပြီးမှ မေတ္တာရပ်ခံရတဲ့ သဘောမျိုးဖြစ်ပါတယ်။ လူထုကို စပြီး အသိပေးရတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ပြောလို့ရပါတယ်။

မေး – ဆရာတို့အနေနဲ့ကော မီဒီယာကနေတဆင့် အဲဒီလိုခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး လူထုတွေကို ဘယ်လို အသိပေးပြောကြားချင်လဲ။

ဖြေ – ငွေကြေးခြိမ်းခြောက်တောင်းခံမှုတွေကြုံလာခဲ့သော် အထူးသဖြင့်ကရင်နီပြည်က ပြည်သူတွေအနေနဲ့ကတော့ ဒီလိုခြိမ်းခြောက်ပြီးတောင်းတာမျိုးတွေကို ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် မပေးဖို့ ကျနော်တို့ ပြောချင်တယ်။ အသက်အန္တာရာယ်လုံခြုံမှု စိုးရိမ်ချက်တွေ ရှိမယ်လို့ ဒါမျိုးတွေလည်း ကျနော်တို့ နားလည်ပါတယ်။ သို့သော် ရှိလာခဲ့သော် ဆန္ဒရှိမယ်ဆိုရင် KNDF ကို တိုင်ကြားနိုင်တယ်။ ကျနော်တို့ KNDF တပ်ဖွဲ့ဝင်များ ဖြစ်မလားဆိုတဲ့စိတ်နဲ့ ကျနော်တို့ မှုခင်းတိုင်းကို တတ်နိုင်ဆုံး လက်လှမ်းမှီတဲ့ ဒေသတွေမှာဆိုရင်တော့ စုံစမ်းစစ်ဆေးမှုတွေ အမြဲတမ်းလုပ်ပေးပါတယ်။ ကျနော်တို့ ကို တိုင်ကြားတဲ့ဖြစ်စဉ်တိုင်းကိုပေါ့။ ဆိုတော့ တချို့ဟာတွေကို ကျနော်တို့ ဟန့်တားလိုက်နိုင်တာတွေရှိတယ်။

တခြားသော ကိစ္စတွေကိုလည်း ကျနော်တို့ ဆောင်ရွက်နိုင်တာရှိကောင်းရှိနိုင်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေပဲ တကယ်ဖြစ်ခဲ့ရင်လည်း ကျနော်တို့ ထိရောက် ပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်နိုင်မှာ ဖြစ်ပြီးမှ တခြားသောအဖွဲ့အစည်းတွေဖြစ်နေရင်လည်း အခုလို ကျနော်တို့ မေတ္တာရပ်ခံပေးတာမျိုး၊ တစ်စုံတစ်ရာညှိ့နှိုင်းပေးတာမျိုး လုပ်ပေးလို့ရကောင်းရနိုင်တယ်လို့ ထင်တယ်။ ဒါကတော့ ပြည်သူတွေကို ဒီလိုအခြေအနေကြုံလာရင် ဒီလိုရင်ဆိုင်စေတဲ့ အကြံပြုချက်ဖြစ်ပြီး တော်လှန်ရေးကိုလည်းကူညီစေချင်ပါတယ်။ တော်လှန်ရေးကို ကူညီတဲ့ နေရာမှာတော့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကနေ ပြုလုပ်တဲ့ အလှူခံတဲ့အစီအစဉ်တွေ ကမ်ပိန်းတွေ၊ ပရောဂျက်တွေလည်းရှိပါတယ်။ အဲဒီမှာ ဆက်သွယ်ရမယ့်နည်းလမ်းတွေကို သွားပြီး ဆက်သွယ်လှူဒါန်းလို့ရတယ်။ သို့မဟုတ်ရင်လည်း အဖွဲ့အစည်းသို့မဟုတ် တပ်ရင်းတပ်ဖွဲ့အသီးသီးက အလှူခံပုဂ္ဂိုလ်ပေါ့နော။ ထောက်ပို့ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့ကိုပဲ မေးမြန်းပြီးတော့မှ ကူညီလှူဒါန်းလို့ရတယ်။ သို့မဟုတ်ရင်လည်း သက်ဆိုင်ရာ facebook page လိုမျိုးကနေ ဆက်သွယ်ပြီး လှူဒါန်းလို့ရပါတယ်။ ဆိုပြီးတော့ အဲဒီလိုမျိုးနဲ့ လှူဒါန်းရင် ပိုပြီးတော့ တော်လှန်ရေးအတွက် အကျိုးဖြစ်မယ်လို့ ထင်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အမည်မဖော်ပဲ ခြိမ်းခြောက်တောင်းခံတဲ့ဟာတွေက တော်လှန်ရေးထဲကို စီးဝင်တယ်လို့ ကျနော်တို့ လက်ဆုပ်လက်ကိုင်ပြစရာ မရှိဘူး။ အလေအလွင့်ဖြစ်ပြီးတော့မှ ဒါတွေက တော်လှန်ရေးနဲ့ မသက်ဆိုင်တဲ့ ခြိမ်းခြောက်မှု သက်သက်ပဲလို့ ဒီလိုမျိုး အကြံပြုချင်ပါတယ်။

မေး – ဆရာတို့ အရေးယူပေးမယ်လို့ ထုတ်ပြန်ချက်မှာပါရှိတယ်။ အဲဒါဘယ်လိုပုံစံမျိုးနဲ့ အရေးယူသွားဖို့ရှိလဲ။

ဖြေ – စုံစမ်းစစ်ဆေးလို့ KNDF ရဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ခဲ့ရင်တော့ ကျနော်တို့ ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်ကို အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ သီးသန့်ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာ ဥပဒေဆိုတာရှိပါတယ်။ အဲဒီအက်ဥပဒေပါ ပြဌာန်းချက်အတိုင်း ပြစ်မှုအလိုက် ပြစ်ဒဏ်တွေကို ချမှတ်ဖို့ ရှင်းရှင်းလင်းလင်းရှိပါတယ်။ ဒုတိယတစ်ခုကတော့ KNDF မဟုတ်ပဲနဲ့ တခြားသော အင်အားစုတွေဖြစ်နေခဲ့ရင်တော့ ကျနော်တို့က တစ်စုံတစ်ရာမေတ္တာရပ်ခံပေးတာ။ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ဒီလိုမဖြစ်အောင် အတူတကွ ပူးပေါင်းဆောင်ရွက်တာမျိုးလောက်ပဲဖြစ်ပါတယ်။ သို့သော် ပြည်သူလူထုက ဒီလိုခြိမ်းခြောက်ငွေညှစ်ခံရတဲ့ ဖြစ်စဉ်ကို တိုင်ကြားလာတဲ့အခါမှာ ကျနော်တို့ KNDF ဗဟိုကော်မတီကလည်း ကျနော်တို့ ITF ကို တာဝန်ပေးပြီးတော့မှ ထိထိရောက်ရောက်အရေးယူဖို့ ညွှန်ကြားမှုတွေ ရှိလာခဲ့ရင်တော့ ဘယ်သူဘယ်ဝါရယ် မခွဲခြားပဲနဲ့ ဖြစ်စဉ်ပေါ့လေ ငွေကြေးကောက်ခံတဲ့ ဖြစ်စဉ်တွေ သွားပြီးစောင့်ကြပ်တဲ့ အခါမျိုးမှာ ဘယ်သူဘယ်ဝါမခွဲခြားပဲနဲ့ ထိထိမိမိဖမ်းဆီးပြီးတော့မှ အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မယ်။ သို့သော် အဲ့ဒီအခြေအနေမျိုးကတော့ မဖြစ်ဖို့ ကျနော်တို့ ပိုမျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုအရေးယူဆောင်ရွက်မျိုးတွေ ပြောတဲ့ အခါမှာတော့ နံပါတ် (၁) KNDF တပ်ဖွဲ့တွင်းက ကျူးလွန်တဲ့ ပြစ်မှုတွေဆိုရင်တော့ ကျနော်တို့ ရှင်းရှင်းလင်းလင်းအရေးယူဖို့ဖြစ်တယ်။

နံပါတ် (၂) တခြားသော အင်အားစုတွေက လုပ်တာဆိုရင်တော့ ပူးပေါင်း ဆောင်ရွက်ညှိ့နှိုင်းမှုတွေနဲ့ သွားရမယ့် ကိစ္စတွေဖြစ်တယ်။ နံပါတ် (၃) ကတော့ လက်နက်ကိုင်အင်အားစုတွေမဟုတ်ဘဲနဲ့ သာမန်အရပ်ဖက်က ကျူးလွန်တဲ့ပြစ်မှုတွေ ဖြစ်နေခဲ့ရင် ဥပမာ လက်နက်ကိုင်အင်အားစုက မဟုတ်ဘဲနဲ့ လူပုဂ္ဂိုလ်တစ်ယောက်နှစ်ယောက်ကပဲ စုဖွဲ့ပြီးတော့မှ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ငွေကြေးတောင်းခံပြုမူတာမျိုး၊ ဓားပြဆန်ဆန် ပြုမူဆက်ဆံတာမျိုး ဆိုရင်တော့ ကျနော်တို့က KSP (ကရင်နီပြည်ရဲဌာန) ထံ လွဲပြောင်းပြီးတော့မှ အမှုတွေကို အပ်နှံဖို့ဆိုတဲ့ပုံစံမျိုး ပိုပြီးဖြစ်ပါလိမ့်မယ်။

မော်မီမြာ ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here