“လက်နက်ငယ် မသုံးကြဘူး၊ လက်နက်ကြီးတွေ သုံးပြီး ဝိုင်းထုပြီးတော့မှ ကျတော်တို့ စခန်းကို တက်လာကြတယ်။ ကျတော်တို့မှာ ရှိတဲ့လက်နက်အင်အားတွေနဲ့ ခုခံလို့ မရတော့တဲ့အခါကျတော့ နောက်ဆုတ်ပေးလိုက်ရတာပါ” အရာရှိတစ်ဦး (တမူး – PDF ၊ တပ်ရင်း -၄)

0
255

တမူး PDF တပ်ရင်း ၄ တပ်ရင်း အရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၂ နိုဝင်ဘာ ၂၀၂၂

နိုဝင်ဘာလ ၁၅ ရက်နေ့က အိန္ဒိယနယ်စပ်ရှိ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်စခန်းများ ဆုံးရှုံးခဲ့ရသည်။ အဆိုပါ ဆုံးရှုံးမှုသည် စစ်ကောင်စီ၏ ပြည်ပက သယ်ယူလာသည့် စစ်လက်နက်ပစ္စည်းများကို ပြည်တွင်းသို့ သယ်ယူခြင်းမပြုနိုင်အောင် တားဆီးသောကြောင့် စစ်ကောင်စီတပ်များ၏ လူသူလက်နက်သာလွန်အင်အားဖြင့် တိုက်ခိုက်ဖြိုခွဲခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ အခြေအနေကို သိရှိနိုင်ရန်အတွက် တမူး-PDF တပ်ရင်း ၄ တပ်ရင်းအရာရှိနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

မေး။ ။ ဟိုရက်ပိုင်းက စခန်း သိမ်းခံရတဲ့အခြေအနေလေး ပြောပြပေးလို့ရမလားဗျ။

ဖြေ။ ။ သူတို့ကတော့ တမူးကို စကစဘက်ကတော့ ရောက်လာတာ ကြာပြီပေါ့နော။ အဓိကကတော့ ရုရှကနေ လာတဲ့ လက်နက်တွေကိုသယ်ဖို့ပေါ့နော်။ အဲ့ဒီမှာ လက်နက်တွေကလည်း အကြီးတွေ တကယ်အရေးကြီးတဲ့ လက်နက်တွေပေါ့နော။ သူတို့က အဲ့ဒါလေးတွေကို သယ်ဖို့ သယ်လို့မရတဲ့အခါကျတော့ အင်အားတဖြည်းဖြည်းနဲ့ ဖြည့်လာကြတာ တမူးမှာ ဆိုလို့ရှိရင် အင်အား ငါးရာဝန်းကျင်လောက် ရောက်လာတာပေါ့။ အဲ့ဒီဟာနဲ့ စစ်ကြောင်းကို လေးကြောင်းလောက်ခွဲပြီးတော့မှ သူတို့က စစ်ကြောင်း ထိုးလာကြတာ။ ပြီးတော့မှ လက်နက်ငယ် မသုံးကြဘူး လက်နက်ကြီးတွေ သုံးပြီးတော့မှ ဝိုင်းထုပြီးတော့မှ ကျတော်တို့ စခန်းကို တက်လာကြတယ်။ ကျတော်တို့မှာ ရှိတဲ့လက်နက်အင်အားတွေနဲ့ ခုခံလို့ မရတော့တဲ့အခါကျတော့ နောက်ဆုတ်ပေးလိုက်ရတာပါ။

မေး ။ ။ ဆိုတော့ အစ်ကိုတို့ရဲ့ စုစည်းနိုင်မှု အနေအထားကရော ဘယ်လိုရှိသလဲဗျ။ စခန်းလက်လွှတ်လိုက်ရပေမယ့် စုစည်းနိုင်မှုအနေအထားရော ရှိသေးလား။

ဖြေ။ ။ စုစည်းမှုကတော့ မပျက်သွားပါဘူးဗျ။ ပုံမှန်ပါပဲ တစ်နေရာမဟုတ်ရင်တော့ တစ်နေရာပေါ့။ အဲ့လိုအခြေအနေနဲ့ပေါ့ ပျောက်ကျားစနစ်နဲ့‌တော့ ပြန်လုပ်ရမယ်ပေါ့နော။

မေး။ ။ အစ်ကိုတို့ အိန္ဒိယနယ်စပ်မှာ အခြေစိုက်ရတဲ့ အဓိကရည်ရွယ်ချက်ကိုရော ပြောလို့ရမလားဗျ။

ဖြေ။ ။ အဓိက ကျွန်တ်ောတို့ တောဆိုလို့ အဲ့ဒီနယ်စပ်လောက်ပဲရှိတာပေါ့ ။ အဓိက တမူးက တကယ့်အိန္ဒိယ နယ်စပ်ကိုး။ မြန်မာတစ်နိုင်ငံလုံးမှာ ခြေတစ်လှမ်းလောက်ပဲ ကွာတာကိုးနော။ တောတွေကလည်း အိန္ဒိယနဲ့ မြန်မာကြားက တောတွေလောက်ပဲ ရှိတာကို။ အဲ့ဒါကြောင့် အဲ့ဒီမှာ နေရတာပဲပေါ့နော။

မေး။ ။ အဲ့ဒီပစ္စည်း (လက်နက်) တွေဟာ အိန္ဒိယဘက်က ရတာမျိုးရော မဖြစ်နိုင်ဘူးလား။

ဖြေ။ ။ အိန္ဒိယကနေတော့ မရနိုင်ဘူးနော။ အဲ့ဒီဟာတွေက ရုရှနိုင်ငံမှာပဲ ရှိတဲ့ပုံစံပေါ့။ အဲ့ဒီမှာ သူတို့ကတော့ ရုရှကနေ သယ်လာကြတာပေါ့။ တမူးကိုတော့ ရောက်တာကြာပြီ ။ မသယ်နိုင်တာပဲ ရှိတာပေါ့နော်။ ကျွန်တော်တို့ကလည်း သိတဲ့အခါကျတော့ မရမက တားတာပေါ့။ အဲ့လို အခြေအနေမျိုးပါ။

မေး။ ။ စစ်ကောင်စီကနေ ရုရှဆီကနေဝယ်ပြီးတော့ အိန္ဒိယဘက်ကနေ သယ်လာတဲ့သဘောပေါ့နော။

ဖြ။ ။ အိန္ဒိယဘက်ကနေ သယ်လာပြီးသွားပြီ။ တမူးကို ရောက်နေတာပေါ့။ နှစ်လ ဝန်းကျင်လောက်တော့ရှိပြီ။ ဒီအတိုင်းပဲ သယ်ဖို့ကြိုးစားတယ် ဒါပေမယ့် မရဘူးပေါ့။ အဲ့ဒီမှာ မရတဲ့အဆုံး သူတို့က လူအင်အား တဖြည်းဖြည်းနဲ့ ဖြည့်လာကြတာပေါ့နော်။ အဲ့ဒါကြောင့် ကျွန်တော်တို့ဘက်ကို အရင်ဦးဆုံး လက်နက်ကြီးတွေနဲ့ လာထုတယ်။ အဲ့လိုဖြစ်တဲ့အခါ ကျွန်တော်တို့ နောက်ဆုတ်သွားဖို့ပေါ့နော် ။ ကျွန်တော်တို့ ‌နောက်ဆုတ်သွားမှသာလျှင် အဲ့ဒီလက်နက်‌တွေက သယ်လို့ရမှာလေနော်။

မေး။ ။ အဲ့ဒါဆိုရင် အခု ဒီလက်နက်တွေက သယ်သွားပြီလားဗျ။

ဖြေ။ ။ ကလေးမြို့တော့ မရောက်သေးဘူး လမ်းမှာပဲ ရှိပါသေးတယ်။ သူတို့လည်း တဖြည်းဖြည်းနဲ့ ရွေ့နေတဲ့သဘောပါ။

မေး။ ။ ဒါကြောင့် ဖြစ်မယ် ကလေးဘက်က PDF တွေကလည်း ကလေး တမူးလမ်းကို အသုံးမပြုဖို့ ကျေညာထားတာတွေ့တယ်။

ဖြ။ ။ ဟုတ်တယ် အဲ့ဒါနဲ့လည်း ဆက်စပ်မှုရှိတယ်။ ပြီးတော့ ကလေးမှာလည်း လေယာဉ်တွေပေါ့နော အဲ့မှာ နှစ်စီး သုံးစီးလောက် ရောက်ထားတယ်ပေါ့။ ပစ္စည်းကို ရယ်ဒီစောင့်ထားတဲ့ အခြေအနေပေါ့နော။ အကယ်၍ ပစ္စည်းကို စောင့်ထားတဲ့အခြေအနေပေါ့နော ဒါမှမဟုတ် နံပါတ် ၂ အခြေအနေဖြစ်နေတာက မရတဲ့အဆုံး ခုခံတဲ့အခြေဖြစ်လာရင်တော့ လေကြောင်းနဲ့ တိုက်ခိုက်မယ့် အခြေအနေပေါ့နော။

မေး။ ။ ရုရှဆီက ဝယ်တာဆိုတော့ လက်ရှိပြည်တွင်းစစ်မှာ သုံးနိုင်တဲ့ လက်နက်မျိုးလား ဒါမှမဟုတ် နိုင်ငံတကာစစ်ပွဲတွေမှာ အသုံးပြုဖို့ ရည်ရွယ်တဲ့ ဒုံးလက်နက်မျိုးလား အစ်ကိုတို့ ဘယ်လို သုံးသပ်လည်းဗျ။

ဖြေ။ ။ လက်နက်ကတော့ ဆယ့်နှစ်ဘီးကားနဲ့တောင်မှ သယ်ရတဲ့ဟာပေါ့နော။ ပြီးတော့မှ Chemical Weaponပေါ့ ဓါတုလက်နက်တွေပေါ့နော အဲ့ဒါလည်းပါတယ်။ အဲ့ဒါအဆိုးဝါးဆုံးပေါ့။ အဲဒါကတော့ နိုင်ငံတကာက ခွင့်မပြုသလို ပြည်တွင်းစစ်မှာ သုံးလို့မရတဲ့လေကြောင်းကအစ အဲလိုမျိုးသုံးနေကျပဲဆိုတော့ မဆန်းတော့ဘူးပေါ့နော်။ သူတို့ကတော့ အဆုံးစွန်ထိတော့ သုံးကြမှာပဲ ။ အဆုံးစွန်ထိတော့ ယုတ်မာကြမှာပဲ။ နိုင်ငံတကာက ဘယ်လောက်ပဲ ခွင့်မလွှတ်ဘူးပြောပြော UN အဖွဲ့မှာ တရုတ်နဲ့ ရုရှက ပါနေတဲ့အခါကျတော့ ဒီအဆိုတွေကို
အမြဲတမ်းပယ်ချထားတာဆိုတော့လေနော။ အဲ့ဒါကို သူတို့က အခွင့်ကောင်းယူပြီးတော့မှ သူတို့ လုပ်လို့ရတဲ့ အဲ့ဒီအချိန်လေးမှာ PDF တွေကို မြန်မြန်ဆန်ဆန် ချေမှုန်းနိုင်တဲ့ လက်နက်‌တွေကို သယ်ကြတယ်လို့ပဲ ကျွန်တော်တို့ကတော့ ယူဆတယ်လေနော။

မေး။ ။ အစ်ကိုတို့ တွေ့ရလားဗျ။ အဲ့ဒီပစ္စည်းက ဘယ်လောက်များလဲ။

ဖြေ။ ။ ဆယ့်နှစ်ဘီးကား ဆယ့်သုံးစီးနဲ့ သယ်ရတဲ့အရာဆိုတော့ တော်တော်များပါတယ်။

မေး။ ။ပစ္စည်းတွေလည်း ရွေ့သွားပြီဆိုတော့ စစ်ကြောင်းတွေရော သွားလိုက်ပြီလားဗျ။ အစ်ကိုတို့အနေနဲ့ရော လုပ်သာကိုင်သာ ရှိနေပြီလား။

ဖြေ။ ။ ကျွန်တ်ောတို့ကတော့ အခုလောလောဆယ် ငြိမ်တယ်ပေါ့နော် ဒါပေမယ့် ကျွန်တ်ောတို့ကတော့ တော်လှန်ရေးသမား ဖြစ်သည့်အားလျော်စွာပေါ့ တစ်ချို့ ဗျူဟာတွေတော့ ရှိတာပေါ့အစ်ကို။ ဒါပေမယ့် သူတို့က တဖြည်းဖြည်းတော့ ရွေ့တယ်။ ဒါပေမယ့် လမ်းမှာပဲ ရှိသေးတယ်။ တမူးကလေး လမ်းမှာပေါ့နော။

မေး။ ။ ဖြည့်စွတ်ပြောပြချင်တာများ ရှိအုံးမလားဗျ။

ဖြေ။ ။ ဟုတ်ကဲ့ ဒီတစ်ခေါက်ကတော့ တမူးအနေနဲ့ ခံလိုက်ရတယ်ပေါ့နော်။ အားလုံးသိပြီးတဲ့ အတိုင်းပဲ စခန်း ၆ ခုလုံး နောက်ဆုတ်လိုက်ရတယ်ပေါ့နော်။ စခန်းခြောက်ခုဆိုတာက ပြန်တည်ဆောက်လို့မလွယ်တဲ့ သဘောမှာ ရှိတယ်ပေါ့နော်။ ဒါကြောင့် အရာရာတိုင်းမှာပေါ့နော် ပြည်သူတွေဘက်ကလည်း တတ်စွမ်းသလောက်ပေါ့နော် တမူးကို ကြည့်ရှု့ပေးဖို့ပေါ့။ ဖြစ်ပြီးတဲ့နေ့ တစ်ရက်နှစ်ရက်လောက်ကိုပဲ သနားပြတာမျိုးမဟုတ်ဘဲနဲ့ အခုနေခါမှာလည်း ပြန်နလံထူလာတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် အများကြီး အကူအညီတွေလည်း
လိုအပ်နေသေးတယ်‌ပေါ့နော်။

အဲ့ဒါကိုလည်း ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းပေးကြဖို့ ပြီးတော့ အသက်တွေလည်း အများကြီး ဆုံးရှုံးခဲ့ရတယ်။ ဒဏ်ရာတွေလည်း ရခဲ့ရတယ်။ ပြီးတော့ ကျွန်တော်တို့ အင်မတန်ချစ်ရတဲ့ ကိုယ့်ရဲ့ စခန်းကိုတောင်မှ စစ်စခန်းဆိုတာက ဘယ်တော်လှန်ရေးသမားကမှ အထိမခံဘူး ။ နောက်ဆုတ်မခံဘူး ပေါ့နော် ။ ဒါပေမယ့် အဲ့ဒီဟာကိုတောင်မှ နောက်ဆုတ်လိုက်ရတဲ့ အဆင့်အထိဆိုတော့ ဘယ်လောက်အထိ ခံစားလိုက်ရမလဲဆိုတာကိုလည်း ပြည်သူတွေက ကျွန်တ်ောတို့ရဲ့ ရင်တွင်းကိုလည်း မြင်စေချင်တယ်။

ထပ်တူထပ်မျှ ခံစားစေချင်တယ်ပေါ့နော်။ ပါးစပ်ကပဲ ဒီအတိုင်း ဆုတောင်းတာမျိုး အားပေးစကား ဒီအတိုင်းပြောတာမျိုးမဟုတ်ဘဲနဲ့ တကယ်လက်တွေ့မှာပဲ ပါဝင်ပေးကြဖို့ ဒီကနေပြီးတော့မှ မေတ္တာရပ်ခံပါတယ်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here