တောင်ကြီးမြို့မှ CDM ဆရာဝန်ကြီး ဇနီးမောင်နှံနှစ်ဦးအား စစ်ကောင်စီ ဖမ်းဆီး

0
223

၂၃ မေလ ၂၀၂၂

တောင်ကြီးမြို့မှ CDM ဆရာဝန်ကြီး လင်မယား (၂) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု နီးစပ်သူများက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ CDM ဆရာဝန်ကြီးနှစ်ဦးဖြစ်သည့် စဝ်စံထွန်းဆေးရုံကြီးမှ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးမြစန်းနှင့် မိခင်နှင့်ကလေး ဆေးရုံကြီးမှ ဒေါက်တာအေးခိုင်ဦးတို့ မြတ်တော်ဝင်ဆေးရုံတွင် အဖမ်းခံရခြင်းဖြစ်သည်ဟု သိရသည်။

ဆေးရုံတွင် ဝင်ဖမ်းသည့်အချိန် မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက “မြတ်တော်ဝင်မှာ အဲဒီနေ့မနက်က ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ HR ကိုလည်း ထိုးကြိတ်သွားတယ်။ ဝင်ဖမ်းတဲ့အချိန် ရပ်ကြည့်နေတဲ့ လူနာစောင့်တွေပါ ဆူပူကြိမ်းမောင်းသွားတယ်။ ပုံတွေရိုက်ထားမှာစိုးလို့ ဖုန်းတွေလည်း စစ်တယ်” ဟု ပြောသည်။

ထိုဆရာဝန်ကြီးနှစ်ဦးမှာ မေလ (၁၈) ရက်နေ့၊ နံနက်အစောပိုင်း (၂) နာရီခန့်တွင် ဆေးရုံ၌ အရေးပေါ်လူနာအား ခွဲစိတ်ရန် ရောက်လာသည့်အချိန် စောင့်ဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးမြစန်းနှင့် မိခင်နှင့်ကလေးဆေးရုံကြီးမှ ဒေါက်တာ အေးခိုင်ဦးတို့သည် ဇနီးမောင်နှံ (လင်မယား) ဖြစ်သည်။

“အဲဒီမနက်က မြတ်တော်ဝင်မှာ CCTV မှတ်တမ်းတွေပါ ယူသွားတယ် ကြားတယ်။ ဒါကတော့ အတွင်းသတင်းပေါ့နော်။ သေချာလားဆိုတာတော့ ကျမလည်းမသိဘူး။ ကျမက ဒီအတိုင်း ကြားမိတာပါ” ဟု ဆရာဝန်နှစ်ဦးနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို ဆရာဝန်ကြီးနှစ်ဦးအား ယနေ့အချိန်ထိ မည်သည့်နေရာတွင် ချုပ်နှောင်ဖမ်းဆီးထားသည်ကို မသိရသေးပေ။

သို့သော် ယခင်က ဓါတ်ခွဲဆရာဝန်ကြီးများနှင့် CDM အရာရှိဝန်ထမ်းများ အဖမ်းခံရပါက ရဲစခန်းများတွင် ချုပ်ထားခြင်းမရှိပဲ တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောရေးစခန်းကို တန်းပို့လေ့ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

တောင်ကြီးမြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် CDM ဝန်ထမ်းများ ခန့်ထားခြင်း ရှိ/မရှိကို စစ်ကောင်စီတပ်ဝင်များက မကြာခဏ ရှောင်တခင် ဝင်စစ်ဆေးနေသည်များရှိသည့်အပြင် ဆေးရုံများတွင်သာမက ကိုယ်ပိုင်ကျောင်းများတွင်လည်း CDM ဆရာ/မ စာရင်းများကိုပါ တောင်းယူနေသည်ဟု သိရသည်။

ထိုနေ့က မြတ်တော်ဝင်က ဆရာဝန်ကြီး နှစ်ဦးအပြင် နောက်ထပ် ပတ္တမြားဆေးရုံက CDM ဆရာဝန်တစ်ဦးပါ အဖမ်းခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ယင်းဆရာဝန်မှာ မည်သူမည်ဝါဖြစ်ကြောင်းကို သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here