29 June 2025 /

See today's Peace Related News

Homeသတင်းအလုပ်ပြန်ဝင်သော CDM ပညာရေးဝန်ထမ်းများအား ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးများက ငွေညှစ်နေဟုဆို

အလုပ်ပြန်ဝင်သော CDM ပညာရေးဝန်ထမ်းများအား ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးများက ငွေညှစ်နေဟုဆို

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်။

အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြန်ဝင်လိုသည့် CDM ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမထံမှ ဧရာဝတီတိုင်း‌၊ ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ် ပညာရေးမှူးရုံးများက ငွေညှစ်တောင်းခံမှုများရှိနေသည်ဟု သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်လိုကြသည့်သူများအား ပညာရေးမှူးရုံးက ပွဲစားများမှတဆင့် ကျပ်ငွေ ၅ သိန်းမှ ကျပ်ငွေ ၁၅ သိန်းအထိ တောင်းနေခြင်းဖြစ်သည် ဆရာ၊ ဆရာမအချို့က အတည်ပြုပြောသည်။

“ခံဝန်နဲ့ ဖြေလျော့ပေးမယ်။ အရေးမယူဘူးဆိုလို့ မိသားစုစားဝတ်နေရေးက ခက်ခဲတာရော အဖမ်းခံရမှာ ကြောက်တာရောကြောင့် အလုပ်ပြန်ဝင်ကြပါတယ်။ အခုတော့ ငွေညှစ်တာခံနေရတယ်” ဟု အလုပ်ပြန်ဝင်ရန် စီစဥ်နေသည့် CDM ဆရာတစ်ဦးက ပြောသည်။

CDM ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအနေဖြင့် ယခင်က ထမ်းဆောင်ခဲ့သည့် တာဝန်၊ နေရာ၊ ရာထူးနှင့် ဒေသအတိုင်း ပြန်လည်ရရှိရန်နှင့် အရေးယူခြင်းမခံရစေရေးအတွက် ငွေကျပ် ၅ သိန်းနှင့်အထက် ပေးဆောင်နေကြရသည်ဟု သိရသည်။

၎င်းတို့တောင်းသည် ငွေမပေးနိုင်သူများအား နယ်ဝေး‌ဒေသသို့ ပို့မည်ဟုဆိုကာ ခြိမ်းခြောက်အကြပ်ကိုင်မှုမျိုးလည်းရှိသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပွဲစားလုပ်နေကြသူများမှာ Non CDM ဝန်ထမ်းစာရေးအချို့အပါအဝင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအချို့နှင့် ရာအိမ်မှူးအချို့တို့ဖြစ်ကြသည်ဟု ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရသည်။

“CDM ဝန်ထမ်းစာရင်းတွေကို စစ်ကောင်စီက တောင်းတယ်ဆိုတဲ့ အသံတွေကထွက်လာတော့ သူတို့အတွက် လုပ်စားကွက်ဖြစ်ကုန်တာ” ဟု CDM ဆက်လုပ်နေသည့် ပညာရေးရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်းမြို့တို့က ပညာရေးဌာနများတွင်လည်း ရာထူးတိုး၊ နေရာပြောင်းရွှေ့လိုသူများထံမှ ရာထူးတိုးလိုသူ အတွက် ကျပ် ၁၅ သိန်းနှင့် မိမိသင်ကြားလိုသည့် ကျောင်းသို့ နေရာပြောင်းရွှေ့လိုပါက ကျပ် ၅ သိန်း စသည်ဖြင့် စျေးနှုန်းသတ်မှတ်ချက်များပင် ရှိနေသည်ဟု ဆက်သိရသည်။

ကျုံပျော်မြို့သည် ယခင်က ပုသိမ်ခရိုင်အတွင်း၌ပါဝင်သည့် မြို့နယ်အဆင့် မြို့တစ်မြို့ဖြစ်ခဲ့ပြီး စစ်ကောင်စီက အဆိုပါမြို့ကို ခရိုင်မြို့အဖြစ် သတ်မှတ်လိုက်ပြီးနောက်ပိုင်း ရေကြည်၊ ငသိုင်းချောင်း၊ အသုတ်မြို့များကလည်း ကျုံပျော်ခရိုင်အတွင်း အကျုံးဝင်မြို့များ ဖြစ်သွားသည်။

စစ်ကောင်စီ၏ ပညာရေးဌာနက ကျုံပျော်မြို့နယ်ရှိ CDM ပညာရေးဝန်ထမ်း ၄၀၉ ဦးကို ရာထူးမှထုတ်ပယ်ကြောင်း ၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

NMG – ပေးပို့သည်။