27 June 2025 /

See today's Peace Related News

Homeသတင်းမိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့ PDF ရှိသည့်နေရာကို လေယာဥ် ၅ စီးဖြင့် ထိုးစစ်ဆင်နေကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၇) ရက်တွင် စစ်ကောင်စီသည် ဂျက်လေယာဥ် ၅ စီးဖြင့် မိုးမိတ်မြို့ အခြေစိုက် ခမရ ၃၄၈ သို့ ရောက်ရှိလာပြီးနောက် ဂျက်လေယာဥ် ၂ စီးက မိုးမိတ်မြို့နယ် မိုးလိုရွာရှိ တောင်ကြော တစ်လျှောက်ကို လက်နက်ကြီး ၅ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုးလိုတောင်ကြောဘက်မှာ KIA/PDF တွေရှိတယ်လို့ စစ်ကောင်စီတွေကထင်လို့ လေယာဥ်နဲ့ လာပြီးတော့ ဗုံးကြဲတိုက်ခိုက်သွားတယ်၊ ဒါမတိုင်ခင်မှာ စစ်ကောင်စီ နဲ့ KIA/PDF တို့က အဲ့နားတဝိုက်မှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ဖူးတယ်၊ အခုလည်း စစ်အင်အားတွေ ထပ်ဖြည့်လာတယ်ဆိုတော့ တိုက်ပွဲပိုဖြစ်မယ်ထင်တယ်” ဟု မိုးမိတ်မြို့နယ်အတွင်း လှုပ်ရှားသည့် SSPP/SSA အရာရှိက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈/၂၉ ရက်နှင့် ဒီဇင်ဘာလ ၃ ရက်နေ့တို့တွင် မိုးမိတ်မြို့နယ် မိုးလိုရွာ တောင်ကြောအနီး ပတ်ဝန်းကျင်၌ အာဏာသိမ်း စစ်ကောင်စီ နှင့် KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တပ်ဖွဲ့ အသေအကျများပြား ကြောင်းလည်း သိရသည်။

“ကျနော်တို့ သိရတဲ့ စာရင်းအရတော့ တိုက်ပွဲသုံးရက်မှာ စကစဘက်က ၈၀ ကျော်ကျတယ်၊ ဒဏ်ရာရတဲ့သူလည်းများတယ်၊ သူတို့ (စကစ) ရဲ့ အသေအပျောက်လူတွေကို လေယာဥ်နဲ့သယ်ပြီး မိုးမိတ်ဆေးရုံနဲ့ ခမရ ၃၄၈ ထဲကို ပို့ပေးတယ်လို့ ပြောတယ်၊ KIA/PDF ဘက်က ၂၀ လောက်ကျတယ်” ဟု မိုးမိတ်မြို့မှ SSPP/SSA အရာရှိက ဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အားနှင့် ရိက္ခာအင်အားတို့ကို မိုးမိတ်အခြစိုက် ခမရ ၃၄၈ သို့ ဖြည့်တင်းနေကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုရှိသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက်မရသေးပေ။

လက်ရှိတွင်လည်း စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့်သော်လည်းကောင်း မြေပြင်စစ်အားဖြင့်သော်လည်းကောင်း စစ်သားအင်အားဖြည့်တင်းမှု ဆက်လက်လုပ်ဆောင်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ (ဒီဇင်ဘာ ၇) ရက်မှ ယနေ့အချိန်ထိ သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ကို လေယာဥ် ၆ စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စစ်ကောင်စီတပ်ဖွဲ့သည် နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် AA နှင့် အပစ်ခတ်ရပ် ငြိမ်းချမ်းရေးယူပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်မှု ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း ပြောဆိုသုံးသပ်မှုများလည်း ထွက်လာသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။