၃၀ ဇွန် ၂၀၂၂
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၌ ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာ ငရုပ်ကောင်းမြို့၊ မိုးတိမ်ပြင်အုပ်စု၊ အလယ်ရွာက ကိုဝင်းဘိုဖြစ်ပြီး ဒီလ ၂၆ ရက်နေ့က စစ်ကြောရေးတွင် သေဆုံးသွားခဲ့သည်ဟု အမည်မဖော်လိုသည့် ဆွေမျိုးတစ်ဦးက ပြောသည်။
“ကိုဝင်းဘိုကို မှားယွင်းသတင်းပေးလိုက်လို့ အဖမ်းခံရတာ။ အုန်းပင်တက်သမားက နိုင်ငံရေးလည်း မလုပ်ပါဘူး။ သိလည်းမသိပါဘူး။ ဒီလိုအခြေအမြစ်မရှိ သတင်းပေးသူတွေကြောင့် အပြစ်မရှိသူတစ်ယောက် အသက်ပေးလိုက်ပြီ။ လူတွေကို သေချာစိစစ်ပြီးမှ တရားဥပဒေကြောင်းအရ ဖမ်းကြပါ” ဟု ပြောသည်။
ကိုဝင်းဘိုသည် ဇွန် ၁၃ ရက်နေ့က ငရုတ်ကောင်းမြို့၊ဆင်ငံကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနောက်ပိုင်း ဒေသခံ စစ်ကောင်စီတပ်နှင့် ရဲသားများ၏ ဖမ်းဆီးခံခဲ့ရသူ ၁၅ ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး PDF နှင့် ဆက်စပ်သူမဟုတ်ဘဲ အုန်းပင်တက်နေသည့် သာမာန် အရပ်သားတစ်ဦးဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။
“သူက ဘာနိုင်ငံရေး၊ တော်လှန်ရေး နားလည်သူမဟုတ်ဘူး။ အုန်းပင်တက်နေတာက ဒီလ ၁၃ ရက်နေ့ မနက်မှာ ဆင်ငံကျေးရွာအနီးကနေ ဖမ်းသွားတာ။ စစ်တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပီဒီအက်ဖ် ပစ်ခတ်မှုတွေဖြစ်ပြီး ဘာမှမဆိုင်ဘဲ ဖမ်းခေါ်သွားတာ။ အခုတော့ စစ်သားတွေနဲ့ ရဲတွေ ရိုက်နှက်စစ်ဆေးလို့ သေဆုံးသွားပါပြီ။ ရွာကလူတွေ အရမ်းစိတ်မကောင်း ဖြစ်နေကြတယ်” ဟု ပြောသည်။
PDF နှင့် စစ်ကောင်စီတပ်တို့ ဇွန် ၁၃ ရက် နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသခံ ၁၅ ယောက်ကို တပ်ဘက်က ဖမ်းသွားခဲ့ပြီး လက်ရှိအချိန်ထိ ညှဉ်းပမ်းနှိပ်စက်ကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
သေဆုံးသူကိုဝင်းဘို၏ ရုပ်အလောင်းကို မိသားစုဝင်တွေဆီကို ပြန်လည်အပ်နှံခြင်းမရှိဘဲ သင်္ဂြိုဟ်လိုက်သည်ဟု ဒေသခံများက ပြောကြားသည်။
လက်ရှိ ငရုတ်ကောင်းရဲစခန်းနှင့် ငပုတောမြို့နယ်ရဲစခန်းတို့တွင် ဆက်လက်အဖမ်းခံထားရသည့် ဒေသခံ ၁၄ ယောက်မှာလည်း မိသားစုဝင်များနှင့် အဆက်အသွယ်မရဖြစ်နေသည့်အတွက် စိတ်ပူနေကြသည်ဟု သိရသည်။
ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။