ကရင်နီပြည်သူတွေကို စစ်ကောင်စီတပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းအပေါ် KNPP ပြင်းထန်စွာကန့်ကွက်

By MPM 28 December, 2021 👁

၂၈ ဒီဇင်ဘာ ၂၀၂၁

စစ်ကောင်စီမှ ကရင်နီပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းအပေါ် KNPP မှ ပြင်းထန်စွာ ကန့်ကွက်သလို လူထုနဲ့တစ်သားတည်းရပ်တည်ပြီး အဆုံးစွန်အထိ အပြင်းထန်ဆုံး တန်ပြန်လုပ်ဆောင်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၁ ခူးဒယ်နီယာယ်က ပြောပါတယ်။

“တကယ်တမ်းပြောရရင်တော့ အဆုံးစွန်အထိပဲပေါ့ တန်ပြန်ပြန်ချမှရမယ် ပြင်းထန်ဆုံးပြန်လုပ်ရမယ် လူထုကို ကျနော်တို့အဖွဲ့အစည်းက တစ်သားတည်းရပ်တည်မယ်ဆိုတာ ပြောထားပြီးသားဆိုတော့ ဒါကတော့ လူထုရဲ့ကိုယ်စား လူထုအတွက် တန်ပြန် ပြန်လုပ်ရမှာပဲ။” လို့ ခူးဒယ်နီယာယ်က ပြောပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီမှ ကရင်နီပြည်သူကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် ကုလသမ္မဂအပါအဝင် နိုင်ငံတကာအစိုးရများမှ ကန့်သတ်အရေးယူမှုဆောင်ရွက်ဖို့ ဒီဇင်ဘာ ၂၆ ရက်မှာ KNPP က ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

“အပြည်ပြည်ဆိုင်ရာ တောင်းဆိုမှုက နကိုယ်ကတည်းကလည်း ရှိပြီးသားကို ဥပမာ – ရခိုင်ကိစ္စ ရိုဟင်ဂျာကိစ္စတို့လည်း ရှိထားပြီးသား အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း တစ်ကမ္ဘာလုံးကလည်း သိနေတာပဲပေါ့နော။ UN ကလည်း ဒီ Cause ကို အချိတ်ဆက်မိမိနဲ့သူတို့တော့ လုပ်နိုင်ဖို့ လိုတယ်ပေါ့နော။ နောက် နိုင်ငံတကာက ဖိအားပေးမှုတွေကလည်း အမျိုးမျိုးရနိုင်ဖို့အတွက် အဖွဲ့အစည်းပေါင်းစုံ လူမှုအဖွဲ့အစည်းတွေကလည်း လုပ်ရှားနေပါတယ်။” လို့ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်က တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံပြည်သူ (၃၅) ဦးကို စစ်ကောင်စီရဲ့တပ်မ (၆၆) လက်အောက်ခံ၊ ခမရအမှတ် (၁၀၈) မှ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး ဓတ်ဆီလောင်းမီးရှို့ခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ပြည်သူတွေ လွတ်မြောက်ဖို့ ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းတဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အသွက်ပြောင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း လက်ပြန်ကြိုးတုတ်ပြီး ဦးခေါင်းတေ့ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်မြေပြင်အတွင်း စောင့်စည်းရမယ့် စစ်ဥပဒေများအပြင် လူသားမျိုးနွယ်အညွန့်တုန်းစေတဲ့ တမင်အကြံအရွယ်နဲ့ အတိအလင်း ချိုးဖောက်လိုက်ခြင်းဖြစ်တယ်လို့ KNPP ကပြောပါတယ်။

ဒါ့ကြောင့် ကုလသမ္မအပါအဝင် နိုင်ငံတကာအစိုးရများ၊ အသိုင်းအဝန်းမှ စစ်ကောင်စီအား ပြင်ထန်တဲ့ ကန့်သတ်အရေးယူမှုနဲ့ ကြဉ်ဖယ်မှုပြုလုပ်သွားရန် အမြန်ဆုံးဆောင်ရွက်သွားဖို့ တောင်းဆိုထားပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။