11 July 2025 /

See today's Peace Related News

Homeသတင်းရေကာတာအလိုမရှိကြောင်း စည်းရုံးလှုံ့ဆော်မှု တနင်္သာရီ ဌာနေတိုင်းရင်းသားများပြုလုပ်

ရေကာတာအလိုမရှိကြောင်း စည်းရုံးလှုံ့ဆော်မှု တနင်္သာရီ ဌာနေတိုင်းရင်းသားများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ ဌာနေတိုင်းရင်းသားများ စုပေါင်း၍ ဘိတ်(မြိတ်)ခရိုင်၊ တနင်္သာရီ မြို့နယ်၊ စာရ ဘွင်(အရှေ့ကမ်း)ကျေးရွာတွင် ရေကာတာ အလိုမရှိကြောင်း စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ (စက်တင်ဘာလ ၁၃ရက်)တွင် ကျရောက်သည့် ကမ္ဘာ့ကုလသမဂ္ဂမှ ဌာနေပြည်သူများ၏ အခွင့်အရေးဆိုင်ရာ ကြေညာခြင်းနေ့(UNDRIP)ကို အခြေခံ၍ ပြုလုပ်ခဲ့ကြသည်။

တနင်္သာရီမြစ်မပေါ်တွင် တရုတ်ကုမ္ပဏီတစ်ခုမှ ရေကာတာစီမံကိန်းများပြုလုပ်ရန် စီစဉ်နေခြင်းအပေါ် ဆန့်ကျင်ကြောင်း အပြင် ဌာနေပြည်သူလူထုများ၏ အခွင့်အရေးကို လေးစားအသိအမှတ်ပြုရန်ရည်ရွယ်၍ ယင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အစီအစဉ်ကို ဦးဆောင်ပါဝင်သူဒေသခံ စောအဲလ်ဖရက်က ယခုလို ပြောသည်။

၎င်းက “ရေကာတာကို ကျနော်တို့ ဆီလာပြီးတော့ အတိအကျ ချပြတာမျိုးမရှိဘူး။ ဒီစီမံကိန်း ဝင်လာမယ်ဆိုတာကလည်း နိုင်ငံတကာစံချိန် စံညွှန်းဖြစ်တဲ့ FPIC-လွတ်လပ်စွာ ကြိုတင် သတင်းသိရှိခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့် အဲ့စံချိန်စံညွှန်းနဲ့လည်း မ ကိုက်ညီဘူး။ ကျနော်တို့ တကယ်လို့များ ဒီရေကာတာ ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ကျနော်တို့ရဲ့ ရှေ့ဆက်ခံစားရမဲ့ ခံစားချက်တွေ က ဘာတွေရှိနိုင်မလဲဆိုတာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ဒါတွေကိုပြန်ပြီးတော့ မီးမောင်းထိုးပြတာပါ”ဟု ကေအိုင်စီ သို့ ပြောသည်။

၎င်းရေကာတာစီမံကိန်းအတွက် လွန်ခဲ့သည့် နှစ်များက လာရောက်လေ့လာဆန်းစစ်မှုပြုထားချက်အရ နဂါးအိုင်၊ ကျောက် ခြားနှင့်ဆင်ဖြူတိုင်စသည့် ဒေသဘက်တွင် ပြုလုပ်ရန် လျာထားကြောင်းကြားသိထားရသော်လည်း စီမံကိန်းနှင့် ပတ်သက် သည့် သတင်းအချက်အလက်များကို ဒေသခံပြည်သူများနှင့် လူထုအခြေပြု အဖွဲ့အစည်းများမှာ တိကျသေချာစွာ မသိရှိရ သေးကြောင်းလည်း စောအဲလ်ဖရက်က ဆက်ပြောသည်။

အဆိုပါ လှုပ်ရှားမှု အစီအစဉ်ကို ဒေသခံလူထုအခြေပြုအဖွဲ့အစည်းဖြစ်သည့် ချောင်းမကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအဖွဲ့ နှင့် စာရဘွင်ဒေသတွင် အခြေစိုက်သည့် ခိုင်မြဲသစ္စာ (သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မ တီ)တို့က ဦးဆောင်ပြုလုပ်ပြီး မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် တောင်ပိုင်းလူငယ်၊ Candle Light၊ တာကပေါ၊TF-တန င်္သာရီ မိတ်ဆွေများအဖွဲ့၊ ဘိတ်ရှေ့နေများ ကွန်ယက်စသည့် လူထုအခြေပြုအဖွဲ့အစည်းများနှင့် ဒေသခံရွာသား ၄၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်။

တောင်ပိုင်းလူငယ်အဖွဲ့(Southern Youth) တာဝန်ခံ စောစံငွေက “တနင်္သာရီတိုင်းအတွင်းမှာ တနင်္သာရီ မြစ်မက ဒေသခံဌာနေတိုင်းရင်းသားတွေအတွက် အသက်အိုးအိမ် အသက်မွေးဝမ်းကျောင်းအတွက် လုံးဝမှီခို အားကိုးရတဲ့ မြစ်တစ်မြစ်ဖြစ်တယ်။ ကျနော်တို့ သိလိုက်တာက တရုတ်ကုမ္ပဏီတစ်ခုက ရေကာတာလာပြီး တည်ဆောက်ဖို့ဖြစ်တယ်။ ဒီရေကာတာက Megawatt တစ်ထောင်ကျော်လုပ်မှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ ဒါတွေက အရမ်းစိုးရိမ်ရတဲ့အတွက်အကြောင့် သူတို့အတွက် စိန်ခေါ်မှုဖြစ်စေတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်း ဌာနေတိုင်းရင်းသားပြည်သူလူထုအခွင့်အရေးဆိုင်ရာ ကြေညာခြင်းနေ့အပေါ် အခြေခံပြီး ယခုလို စည်းရုံး လှုံ့ဆော်မှုမျိုးကို တနင်္သာရီ ဌာနေ တိုင်းရင်းသားများအနေဖြင့် ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ကမ္ဘာ့ကုလသမဂ္ဂ(UN)မှ ဌာနေပြည်သူများ၏ အခွင့်အရေးဆိုင်ရာ ကြေညာခြင်း(The United Nations Declaration on the Rights of Indigenous Peoples (UNDRIP)ကို ၂၀၀၇ ခုနှစ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့တွင် UN၏ အထွေထွေညီလာခံ၌ နိုင်ငံ ပေါင်း ၁၄၄နိုင်ငံ၏ထောက်ခံမှုဖြင့် သဘောတူလက်ခံခဲ့သည်။