4 June 2026 /

See today's Peace Related News

Homeသတင်းမြန်မာ့တပ်မတော်သို့ အလင်း၀င်စစ်သား ၂၀ကျော်မှာ KIA စစ်သားများမဟုတ်ဟု KIA ငြင်း

မြန်မာ့တပ်မတော်သို့ အလင်း၀င်စစ်သား ၂၀ကျော်မှာ KIA စစ်သားများမဟုတ်ဟု KIA ငြင်း

ရှမ်းမြောက် မုံးကိုးမြို့ရှိ မြန်မာ့တပ်မတာ်ထံသို့ အလင်းဝင်သွားသော စစ်သား၂၁ ဦးမှာ KIA တပ်သားများမဟုတ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီး နော်ဘူပြောသည်။

“မုန်းကိုးမှာ ပြည်သူ့စစ်ဖွဲ့ချင်တဲ့ လူကြီးတစ်ယောက်ရှိတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်မှာ သူက မှတ်ပုံတင်တာလည်း မရှိ။ ဒါကြောင့် သူ့ကို ပြည်သူ့စစ် ဖွဲ့ခွင့်မပေးဘူး။ သတ်မှတ်ထားတဲ့ လက်နက်အင်အား လူအင်းအား ၆၀ လောက်လည်း မပြည့်တော့ အဖမ်းခံရမယ့် အခြေအနေရှိခဲ့တယ်။ ဆိုတော့ သူက မုံးကိုး ဗျူဟာမှူးတွေနဲ့ပေါင်းပြီး အဲမှာ ရှိနေတဲ့ ပြည်သူ့စစ် အကျန်တွေ၊ အိမ်မှာ နားနေတဲ့အသက်ကြီးတွေ ၊ KIA ကနေ ဟိုးအရင်ကတည်း နားလိုက်တဲ့သူတွေကို စုပြီး အခုလို KIA ကနေ လက်နက်နဲ့ ငြိမ်းချမ်းရေးလှဲလှယ်ဆိုပြီး လုပ်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။

တပ်မတော်ကာကွယ်ရေးဦစီးချုပ်ရုံး၏ ဇန်နဝါရီ ၃၀ ထုတ်ပြန်ချက်တွင် ‘ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စခန်းသို့ KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ(၃)ဦးအပါအဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်’ ဟု ဖော်ပြထားသည်။

ထို့အပြင် တပ်မတော်ထုတ်ပြန်ထားသည့် ဓါတ်ပုံတွင် ပါရှိသော လက်နက်များသည်လည်း KIA ၏ လက်နက်ပုံစံ မဟုတ်ကြောင်း ပြောဆိုထားသည်။ ယခုလို တပ်မတော်ဘက် သတင်းလွင့်မှုသည် လူထုကို မဟုတ်မမှန်သတင်းပေးခြင်းသာ ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူ ပြောဆိုခဲ့သည်။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တိုက်ပွဲမရှိသလောက် နည်းပါးခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေးအတွက် Bilateral လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေချိန်လည်း ဖြစ်ပါသည်။

KIA တပ်စခန်းတချို့ကို တပ်မတော်က ဒရုန်းဖြင့် ထောက်လှမ်းနေကြောင်း Free Burma Rangers အဖွဲ့မှလည်း ဇန်နဝါရီ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

နောနော်(KNG)- ရေးသည်။