11 July 2025 /

See today's Peace Related News

Homeသတင်းနယ်စပ် ဒုက္ခသည်စခန်း၏ စီမံခန့်ခွဲမှုစရိတ် လျှော့ချခံရ၍ ဝန်ထမ်း ၁,ဝဝဝကျော် အခက်အခဲနှင့်ရင်ဆိုင်ရ

နယ်စပ် ဒုက္ခသည်စခန်း၏ စီမံခန့်ခွဲမှုစရိတ် လျှော့ချခံရ၍ ဝန်ထမ်း ၁,ဝဝဝကျော် အခက်အခဲနှင့်ရင်ဆိုင်ရ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းအတွက် စခန်းတွင်း စီမံခန့်ခွဲမှုအသုံးစရိတ်ထောက်ပံ့မှုကို ယခု သြဂုတ် လမှစပြီး သိသိသာသာလျှော့ချခြင်းခံခဲ့ရသဖြင့် ဝန်ထမ်းပေါင်း တစ်ထောင်ကျော်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ဇူလိုင်လအတွက် ထုတ်ပြန်သည့် ကရင်ဒုက္ခသည်ကော်မတီ-KRC၏ လစဉ် အစီရင်ခံစာ အရ သိရသည်။

ဒုက္ခသည်များကို အကူအညီပေးနေသည့် နိုင်ငံတကာအလှူရှင်အများစုမှာ စခန်းတွင်းထွက်ခွာသွားခြင်းကြောင့် ဒုက္ခသည်များကို အဓိက ကူညီထောက်ပံ့ပေးနေသည့် နယ်စပ်အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့(TBC -The Border Consortium)မှ စခန်းအတွင်း ကူညီထောက်ပံ့မှုအတွက် အလှူရှင်များကို ခက်ခဲစွာရှာဖွေနေရသည့် အပေါ် ထောက်ပံ့ကြေးများ လျှော့ချခံရခြင်းဖြစ်သည်ဟု KRC အတွင်းရေးမှူး စောဘွယ်စေးက ယနေ့ ပြောသည်။

၎င်းက “အရင်က ကျနော်တို့ဒီနှစ်အတွက် စခန်းတွင်းစီမံခန့်ခွဲမှုထောက်ပံ့ကြေးကို အကုန်ဖြတ်ဖို့ပြောတယ်။ ဒါပေမဲ့ ကျနော်တို့က တကယ်လို့ အကုန်ဖြတ်မယ်ဆိုရင် စခန်းအတွက် စီမံခန့်ခွဲအုပ်ချုပ်မှုထားစရာဘယ်လို တော့မလဲ။ အဲ့အခါ TBC တာဝန်ရှိသူတွေက ပြန်စဉ်းစားပြီးတော့ ဒီနှစ်ကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက် တယ်။ နောက်ပြီးအပိုဆောင် အသုံးစရိတ်ကိုလည်း ၇၀ ရာခိုင်နှုန်းလျှော့ချလိုက်တယ်” ဟု ကေအိုင်စီသို့ ပြော သည်။

ပြီးခဲ့သည့် ၂၀၁၇ခုနှစ်ကစ၍ အဆိုပါ စခန်းတွင်းစီမံခန့်ခွဲမှုထောက်ပံ့ကြေးနှင့် အပိုဆောင် အသုံးစရိတ်များကို ၃၀ ရာခိုင်နှုန်းလျှော့ချထားရာမှ ယခု နောက်ထပ်လျှော့ချခံရခြင်းဖြစ်သလို လက်ရှိလျှော့ချခံရသည့် အသုံးစ ရိတ်မှာ ယခုနှစ်ကုန်သာဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ်တွင် ဝန်ထမ်းများ၏ ထောက်ပံ့စရိတ်များကိုလည်း ၅၀ရာခိုင်နှုန်းလျှော့ချသွားမည်ဟု စောဘွယ်စေးက ဆက်ပြောသည်။

ထိုသို့ဆက်တိုက်လျှော့ချခံလာရမှုအပေါ် ဒုက္ခသည်ကော်မတီ၊ စခန်းကော်မတီနှင့် စခန်းတွင်းဝန်ထမ်းပေါင်း တစ်ထောင်ကျော်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အပြင် စခန်းပိတ်သိမ်းမည့် အခြေအနေထိဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်ဟု စခန်းတာဝန်ရှိသူများက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း ပဋိပက္ခနှင့်သဘာဝဘေးဒဏ်များကြောင့် ဒုက္ခသည်များ ပိုမိုတိုးများလာပြီး နိုင်ငံတကာအလှူရှင်များမှ ၎င်းတို့အတွက် အရေးပေါ်အကူအညီများကို ဦးစားပေး လုပ်ဆောင်နေရခြင်းဖြစ်သောကြောင့် ယခင်ရှိနေသည့် နယ်စပ်ဒုက္ခသည်များအပေါ် အာရုံစိုက်မှုလျော့နည်း လာရခြင်းဖြစ်သည်ဟုလည်း သုံးသပ်ဝေဖန်မှုများရှိသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအတွက် လိုအပ်သည့် အခြေခံ စားနှပ်ရိက္ခာများနှင့် စခန်းတွင်း စီမံခန့်ခွဲမှုများအတွက် ထောက်ပံ့စရိတ်များကို TBC မှ တစ်လတစ်ကြိမ် ထောက်ပံ့ပေးနေသလို နေအိမ် အ ဆောက်အဦးအတွက် ဝါး၊ သစ်၊ ဖက်မိုး စသည်တို့ကို နှစ်စဉ်ပေးဝေခဲ့ခြင်းဖြစ်သော်လည်း ၂ဝ၁၄ ခုနှစ်မှစတင်ကာ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုများအပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာ အကူအညီများလည်း လျှော့ချခံရမှုများကြုံတွေ့နေရ သည်။

လက်ရှိ ထိုင်-မြန်မာနယ်စပ်တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယန်း၊ ထမ်းဟင်၊ ကရင်နီအမှတ်(၁)နှင့် အမှတ်(၂) စသည့်မြန်မာဒုက္ခသည်စခန်း ၉ခု၌ ဒုက္ခသည် လူဦးရေ တစ်သိန်း နီးပါးခိုလှုံနေထိုင်လျက်ရှိသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ သဘောတူညီမှုနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR၏ အစီအစဉ်အရ ၂၀၁၆ ခုနှစ်မှစ၍ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအစီ အစဉ်များဖြင့် နေရပ်ပြန်သူ ရာချီရှိပြီးဖြစ်သည်။

ထို့အတူ ကရင်ပြည်နယ်၊ ဖာပွန်ဒေသ၊ သံလွင်မြစ်ကမ်းနံဘေးရှိ ဆယ်စုနှစ် တစ်ခုကျော်ကြာ ခိုလှုံနေသည့် အီတူးထ ပြည်တွင်းစစ်ရှောင်ပြည်သူ IDPs များအတွက် ထောက်ပံ့ပေးနေသည့် နိုင်ငံတကာ အကူအညီများကို လည်း ယခင်နှစ်(၂ဝ၁၇)၊ စက်တင်ဘာလတွင် ဖြတ်တောက်ခြင်းခံရပြီးဖြစ်သည်။