11 July 2025 /

See today's Peace Related News

Homeသတင်းထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုး ကရင်ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်

ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုး ကရင်ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် နို့ဖိုးဒုက္ခသည်စခန်းတွင် ယနေ့ (မတ်လ ၄ နေ့လည်ပိုင်း တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ လူနေအိမ် ၅ဝကျော် မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်မှုရှိသည်ဟု စခန်းနေ ဒုက္ခသည်များ၏ ပြောပြချက်အရ သိရသည်။

ဒုက္ခသည်တစ်ဦးက “ရပ်ကွက် ၁၆ မှာလောင်တာ၊ နေ့လည်လောက် မီးက စလောင်ပြီး မွန်းလွဲ ၂နာရီအထိပေါ့။ လေက ရပ်ကွက်ထဲ ဘက်ကို မတိုက်ပဲနဲ့ လမ်းမကြီးဘက်တိုက်လို့ လမ်းမကြီးဘက်က အိမ်တွေအကုန်ပါသွားတယ်။ ရပ်ကွက် B ဘက်က ၁၂ လုံး။ A ကတော့ ၄ဝ ကျော် လောင်သွားတယ်။ ရပ်ကွက်ဘက်က မီးကူးရင်တော့ ဒီထက် ပိုများနိုင် တယ်။ ထိခိုက်မှုတော့ရှိတယ်လို့ ပြောတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လူနေအိမ်တစ်အိမ်က စတင်လောင်ကျွမ်းခဲ့သည်ဟု သိရသော်လည်း လောင်ကျွမ်းရ သည့် အကြောင်းအရင်းကို အတိအကျ မသိရှိရသေးဘဲ လူသုံးကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအချို့ရှိသလို ကြက်၊ ဝက် စသည့် အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှုသည်ဟု ၎င်းက ဆက်ပြောသည်။

နောက်ဆုံး ရရှိသည့် သတင်းအရ လက်ရှိတွင် လူနေအိမ် ၅၈ လုံး မီးလောင်ကျွမ်းသွားပြီး နေအိမ်မီးထဲပါသွားသည့် ဒုက္ခသည်များကို စခန်းတာဝန်ရှိသူများနှင့် စခန်းလုံခြုံရေးကို တာဝန်ယူနေပေးသည့် ထိုင်းစခန်းလုံခြုံရေးအဖွဲ့များက စာရင်းလိုက်လံပြုစုကာ နေရပ်ချပေးထားမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

နို့ဖိုးဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၊ အုန်းဖန်မြို့၏ တောင်ဘက်တွင်ရှိပြီး လူဦး ရေ တစ်သောင်းကျော် ခိုလှုံလျက်ရှိကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC)၏ စာရင်းအရ သိရသည်။

ယခုလို နွေရာသီရောက်တိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများတွင် မီးလောင်ကျွမ်းမှု နှစ်စဉ်လိုလို ဖြစ်ပွားခဲ့လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း အုန်းဖျန်ဒုက္ခသည်စခန်းတွင် အလားတူ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၅၆၆လုံးနှင့် မူကြိုကျောင်း ၂ ကျောင်း မီးလောင်ကျွမ်းကာ မီးကူးစက်မည်စိုး၍ အိမ် ခြေ ၅၁၅လုံး ဖျက်ဆီးပစ်ခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သေးသည်။