6 July 2025 /

See today's Peace Related News

Homeသတင်းစကစ ဥက္ကဋ္ဌနှင့် ဆွေးနွေးပွဲကို ဒေါ်စောမြရာဇာလင်းနှင့်အတူ တက်ရောက်ခဲ့သည့် ALP မှ ဗိုလ်မှူးကြီးခိုင်ပေါ်လင်းအား AA ဖမ်းဆီး

စကစ ဥက္ကဋ္ဌနှင့် ဆွေးနွေးပွဲကို ဒေါ်စောမြရာဇာလင်းနှင့်အတူ တက်ရောက်ခဲ့သည့် ALP မှ ဗိုလ်မှူးကြီးခိုင်ပေါ်လင်းအား AA ဖမ်းဆီး

၄ ဖေဖော်ဝါရီ ၂၀၂၂

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗိုလ်မှူးကြီးအဆင့်ရှိသူ ခိုင်ပေါ်လင်းအား ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ALP က ကြေညာချက်ထုတ်ပြန်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းသည် ဇွန် ၁၃ ရက်နေ့က ပါတီ၏ ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့်အတူ နေပြည်တော်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ယခု ဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖမ်းဆီးခံရမှုမှာ နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်မှုရှိ/မရှိကို သိရှိလိုသဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တွဲဖက်အတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းကို ဆက်သွယ်မေးမြန်းရာ အတိအကျပြောရန် စောသေးကြောင်း ပြောကြားသည်။

“ကျနော်ကြားတာက အဖမ်းခံရတာ နှစ်ယောက်လို့ ကြားတယ်။ ဆိုင်ကယ်မောင်းတဲ့ လူငယ် တစ်ယောက်၊ ဆရာခိုင်ပေါ်လင်းတစ်ယောက်လို့ သိရတယ်။ ဖမ်းခံရတာ ဖြစ်နိုင်ခြေတော့ များပါတယ်။ အသေးစိတ်တော့ အတိအကျကိုတော့ မသိရသေးဘူး။ ဘာကြောင့်ဖမ်းသလဲဆိုတာ နည်းနည်းတော့ ပြောဖို့စောပါသေးတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ထုတ်ပြန်ချက်ထဲတွင် ၎င်းတို့ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းအား ၂၀၂၂ ခုနှစ် ဩဂုတ် ၂ ရက် ည ၆ နာရီခန့်က အဋ္ဌမတန်းကျောင်းသားတစ်ဦးနှင့်အတူ AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယခုလုပ်ရပ်သည် ပန်းတိုင်တစ်ခုတည်းကို အတူတူသွားနေသည့် ရခိုင်အဖွဲ့အစည်း ၂ ခုကြားတွင် မဖြစ်သင့်ကြောင်း၊ ယခုလို နိုင်ငံရေး အကျပ်အတည်းကာလတွင် တိုင်းရင်းသား မဟာမိတ်များ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း၊ အမျိုးသားညီညွတ်ရေးကို ပျက်ပြားစေမည့် မလိုလားအပ်သော လုပ်ဆောင်ချက်များကို ရှောင်လွှဲကြရန်နှင့် ယခင်ဖမ်းဆီးထားသူများအပါအဝင် ယခု ဖမ်းဆီးခံရသည့် ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် ကျောင်းသားတစ်ဦးတို့အား ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။

ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား AA က လူငယ်နှစ်ယောက်၊ သုံးယောက်က ဖမ်းခေါ်သွားသည်ဟု သိရကြောင်း၊ နာဇီရွာရုံးတွင် မူးယစ်ဆေးဝါးသုံစွဲသူများအပါအဝင် တိုင်ကြားသူတချို့၏ အမှုများကို တရားစီရင်မှုနှင့် သက်ဆိုင်နိုင်သည်ဟု ထင်ရကြောင်း၊ လက်ရှိမှာ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းနေကြောင်း၊ ရက္ခိုင့်တပ်တော် (AA) ကိုလည်း မေးမြန်းထားကြောင်း ဦးခိုင်စိုးနိုင်အောင်က ပြောပါသည်။

စက်ရုံစု ရက်ကွပ်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ALP ခေါင်းဆောင်တစ်ဦး အဖမ်းခံရသည်ဟု သိရကြောင်း ပြောကြားသည်။

“ကျနော်တို့ကြားတာက မနေ့က ALP ခေါင်းဆောင်တစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းသွားတယ်လို့တော့ ကြားပါတယ်။ ကျနော်တို့ စက်ရုံရပ်ကွက်မှာ ဖြစ်သွားတာတော့ ဟုတ်ပါတယ်” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA) သည် ယခင်ကလည်း တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းကိုလည်း ဖမ်းဆီးခဲ့ခြင်းရှိခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

ယခုနှစ် ဇွန် ၁၃ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီ ခိုင်စိုးမြ၊ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းလည်း တက်ရောက်ခဲ့သည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးသည်။