30 June 2025 /

See today's Peace Related News

Homeသတင်းကရင်နီ (ကယား) ပြည်နယ်အတွင်း ကျေးလက်ဒေသနှင့် တောတောင်များထဲမှ စစ်ဘေးရှောင်ပြည်သူများထံ WFP ရိက္ခာများ ရောက်ရှိခြင်း မရှိသေးဟုဆို

ကရင်နီ (ကယား) ပြည်နယ်အတွင်း ကျေးလက်ဒေသနှင့် တောတောင်များထဲမှ စစ်ဘေးရှောင်ပြည်သူများထံ WFP ရိက္ခာများ ရောက်ရှိခြင်း မရှိသေးဟုဆို

၄ ဇွန် ၂၀၂၂

ကယား (ကရင်နီ) ပြည်နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့ကူညီမှုများ လွိုင်ကော်မြို့ပေါ်တွင်သာ ရရှိနေ၍ ကျေးလက်ဒေသနှင့် တောတောင်များထဲက စစ်ဘေးရှောင်များထံ အကူအညီများ မရောက်ရှိဟု စစ်ရှောင်များက ပြောသည်။

ကရင်နီပြည်နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ထောက်ပံ့သော ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများသည် လွိုင်ကော်မြို့ပေါ်နေ ပြည်သူများသာ ရရှိကြပြီး ကျေးလက်ဒေသနှင့် တောတောင်များထဲ ထွက်ပြေးခိုလှုံနေရသည့် စစ်ရှောင်များထံ မရောက်ရှိလာသည့်အတွက် စားနပ်ရိက္ခာအခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

အမည်မဖော်လိုသည့် ကရင်နီ စစ်ရှောင်များအား အကူအညီပေးနေသူတစ်ဦးက “ကျနော်တို့ ဖြစ်စေချင်တာက လွိုင်ကော်မှာ အဲ့လောက် ဒုက္ခ မရောက်ဘူး။ ဒီးမော့ဆို၊ ဖရူဆို၊ ဒေါငံခါး၊ နန်းမယ်ခုံ ဘက်တွေကို လှူစေချင်တာ။ အဲ့ဘက်မှာ အရမ်းကို ဒုက္ခရောက်သူတွေ အများကြီး။ လွိုင်ကော်ကနေ လက်နက်ကြီးတွေ လှမ်းပစ်တာလည်း အလုံးပေါင်း မရေတွက်နိုင်ဘူး” ဟု ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ထောက်ပံ့သော ပစ္စည်းများမှာ အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်အိတ်၊ စားသုံးဆီ (၂) ပိဿာ၊ စောင် (၂) ထည်၊ ကော်ဇော (၂) ချပ်၊ ရေခပ်ပုံး၊ အိုးခွက် ပန်းကန်များ၊ မိုးကာ၊ အမျိုးသမီး လစဉ် သုံး ပစ္စည်းနှင့် အတွင်းခံများ ပါဝင်ပြီး လက်ရှိ အချိန်အထိ နှစ်ကြိမ် ထောက်ပံ့ပေးပြီးဖြစ်သည်ဟု လွိုင်ကော်မြို့ပေါ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ထိုထောက်ပံ့မှုရရှိရန်အတွက် WFP ထံ လူဦးရေ အလိုက် မှတ်ပုံတင်နှင့် အိမ်ထောင်စု မိတ္တူများဖြင့် ဖောင်တင်ရ သည်ဟု ၎င်းက ဆက်ပြောသည်။

ကရင်နီပြည်နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အပါအဝင် စစ်ဘေးရှောင်များအား ကူညီနေသည့် အဖွဲ့အ စည်းများသည် စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပြုသည့် နေရာများတွင်သာ သွားရောက်ကူညီခွင့်ရှိသည်ဟု သိရသည်။

ကရင်နီ လွတ်မြောက်နယ်မြေမှ CDM ဆရာမတစ်ဦးက “သူတို့ လုံခြုံရေး စောင့်ရှောက်မှု မပေးနိုင်လို့တဲ့။ အဲ့လိုပြောပြီး သူတို့ပြောတဲ့ နေရာကိုပဲ ကူညီတဲ့ အဖွဲ့တွေက သွားရတယ်။ ဒီဘက်ကတော့ လွတ်မြောက်နယ်မြေဆိုတော့ ဘယ်သူ့ အကူအညီမှလည်း မယူဘူး။ ကိုယ်ထူ ကိုယ်ထပဲ လုပ်ကြတယ်” ဟု ပြောသည်။

ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ကူညီထောက်ပံ့ထားသော ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများကို ရရှိ ထားသည့် လွိုင်ကော်မြို့ပေါ်နေ ပြည်သူများက စစ်ရှောင်များအား ကူညီသည့် အဖွဲ့အစည်းများကို တဆင့် ပြန် ရောင်းချနေမှုများ ရှိနေသည်ဟုလည်း စစ်ဘေးရှောင်ကူညီရေး အဖွဲ့အချို့ထံမှ သိရသည်။

ကရင်နီ ကျေးလက်ဒေသနှင့် ဖယ်ခုံဇုန် ထောက်ပံ့ရေး အဖွဲ့တစ်ခုဖြစ်သည့် Karenni Support Team (KNST) အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက “WFP က လှူထားတာတွေကို ဆန်တအိတ် ၃သောင်း၊ မိုးကာတစ်ချပ် ၁သောင်းခွဲ၊ ဆီတစ်ပုံး ၂ သောင်းလား မသိဘူး။ အဲ့လောက်နဲ့ ဝယ်ပြီးတော့ ကျမတို့ ပြန်လှူပေးရတယ်။ သက်ဆိုင်ရာ NGOs အဖွဲ့အစည်းတွေကို ပြောချင်တာက မလိုအပ်ဘဲ မြို့ထဲ လိုက်မဝေပါနဲ့။ အဲ့လို ဝေလိုက်တဲ့ဟာတွေက ဈေးထဲမှာ ပလူ ပျံအောင် အော်ရောင်းနေကြတယ်။ အဓိက တောင်းဆိုချင်တာက ကိုယ်တိုင် မသွားနိုင်ဘူး ဆိုရင်တောင် သက်ဆိုင်ရာ ဒေသတွေမှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေ ရှိတယ်။ သူတို့နဲ့ တဆင့် လှူခိုင်းလို့ရပါတယ်” ဟု ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) သည် ကရင်နီပြည်နယ်တွင် သာမက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်‌တို့တွင်လည်း လုံခြုံရေးအာမခံချက် မပေးနိုင်ခြင်းဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ခွင့်ပြုသည့် နေရာများတွင်သာ ကူညီထောက်ပံ့နေရသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူများထံမှ သိရသာ်။

ထို့ကြောင့် WFP ၏ ထောက်ပံ့ကူညီနေမှုများမှာ အမှန်တကယ်လို လိုအပ်နေသည့် ဒေသများက စစ်ဘေးရှောင် ပြည်သူများထံ မရောက်ရှိသောကြောင့် နေရာဒေသအတော်များများရှိ ပြည်သူများ၊ စစ်ရှောင်များနှင့် စစ်ရှောင်များအား ကူညီနေသူများက ဝေဖန် ပြောဆိုနေကြသည်။

NMG – ပေးပို့သည်။