11 July 2025 /

See today's Peace Related News

Homeသတင်းကရင်တိုင်းရင်းသားများ အရေးကိစ္စအတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် စည်းလုံးညီညွတ်ကြရန် KNU တိုက်တွန်း

ကရင်တိုင်းရင်းသားများ အရေးကိစ္စအတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် စည်းလုံးညီညွတ်ကြရန် KNU တိုက်တွန်း

ကရင်တိုင်းရင်းသားများ၏ အရေးကိစ္စများကို လွှတ်တော်ထဲ၌ တွင်ကျယ်စွာ ထည့်သွင်းပြောဆိုနိုင်စေရန် ကရင်လူမျိုးများ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စည်းလုံးညီညွတ်ကြရန် KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီ ဝင် ပဒိုစောတောနီးက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကျင်းပသည့် ၇၁ နှစ်ပြည့် ကရင်အမျိုးသားနေ့ အ ခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။

မြောင်းမြမြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်) ကျင်းပသည့် ကရင်အမျိုးသားနေ့ အခမ်းအနားအစီအစဉ်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA နှင့် KNU ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အခြေအနေကို ရှင်းလင်းတင်ပြစဉ် KNU ဗဟို ကော်မတီဝင် ပဒိုစောတောနီးက ထိုသို့ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“၂၀၁၀၊ ၂၀၁၅ (အထွေထွေ ရွေးကောက်ပွဲ)မှာ ဘာလုပ်ခဲ့လဲဆိုတာ ကိုယ်ကိုယ်တိုင် သိကြလိမ့်မယ်။ ၂၀၂၀ မှာ KNU အနေနဲ့ ကရင်တွေ ကရင်အလုပ်လုပ်တာဘဲ မြင်ချင်တယ်။ ၂၀၂၀ ရောက်ရင် ကိုယ့်လူကြီးတွေ လွှတ် တော်ထဲမှာ ထိုင်နိုင်အောင် ၊ ကရင်အရေးအရာတွေ အားရပါးရပြောနိုင်အောင် ကရင်လူမျိုး တွေ အယောက်စီ တိုင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိကြဖို့ လိုအပ်တယ်။”ဟု ပဒိုစောတောနီးက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အခြေစိုက်ပါတီများဖြစ်သည့် ဖလုံစ ဝေါ်ဒီ မိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက် ရေးပါတီ(KSDDP)၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ(UKNDP)၊ ရန်ကုန်တိုင်းဒေသ ကြီး အခြေစိုက်သည့် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ (KNP)စသည့် ကရင်ပါတီ ၆ ပါတီတို့မှ တစ်ပြည်လုံးအတိုင်းအတာအရ ကိုယ်စားလှယ်လောင်း ၂၀၃ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ ၁ ဦးသာအနိုင်ရရှိခဲ့ သည်အထိ အရေးနိမ့်ခဲ့သည်။

ထိုသို့အရေးနိမ့်ရခြင်းမှာ ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ ငွေကြေးတောင့်တင်းမှုမရှိခြင်း၊ ကရင်ပြည်သူအများ စုမှာ အပြောင်းအလဲအတွက် ကရင်ပါတီများအပေါ် ယုံကြည်မှုအားနည်းခြင်းစသည့် အကြောင်းအရာများ ကြောင့်ဖြစ်ကြောင်း ကရင်ပါတီများမှ တာဝန်ရှိသူများက သုံးသပ်ပြောဆိုမှုများလည်း ရှိခဲ့သည်။

ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)ဥက္ကဌ မန်းအောင်ပြည်စိုးက “KNU အနေနဲ့က တော့ ၂၀၂၀ ကျရင် ကိုယ့်ကရင်ပါတီတွေကို ဝန်းရံပေးမယ်လို့ ပြောထားဆိုထား တာတွေတော့ရှိတယ်။ ငွေ ကြေးအရရော၊ အခြားပံ့ပိုးမှုအရရောမဟုတ်ပေမယ့် သူတို့အနေနဲ့ တိုက်တွန်းစည်းရုံးပေးမယ့်အနေ အထားနဲ့ပဲ ဖြစ်ပါတယ်” ဟုပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ကရင် ၃ ပါတီပေါင်းပြီး ဖွဲ့စည်းထားသည့် KNDP၊ PSDP နှင့် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် KPPနှင့် KNP စသည့် ကရင်ပါတီ ၄ ခုသာကျန်ရှိသည်။