၂၉ ဇူလိုင် ၂၀၂၂
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့ရှိ စစ်ဘက်ဆိုင်ရာ နေရာ ၄ ခုကို ဇူလိူင်လ ၂၆ ရက်နေ့ တစ်နေ့တည်းတွင် မိုင်းရှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် “စစ်ကောင်စီ၏ ဒေါက်တိုင်နေရာ ၄ ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုကို ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့တာဝန်ရှိသူဗိုလ်ဧရာနဂါးက “ဟင်္သာတမြို့က ဒီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရယ်၊ မြို့နယ်တရားရုံး အပါအဝင် အကျဥ်းဦးစီးဂိတ်ဝ၊ ဟင်္သာတရဲစခန်းနဲ့ အကျဥ်းစီးဌာန ထောင့်ကြားက နေရာတစ်ခုကို တစ်နေရာကို မိုင်းနှစ်လုံးစီနဲ့ စုစုပေါင်းမိုင်း ရှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ထိုသို့ တိုက်ခိုက်ရာတွင် ပထမဆုံးအလုံးက ည ၇ နာရီ ၂၃ မိနစ်မှာခွဲခဲ့ကြောင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် တတိယ အကျဥ်းဦးစီးဂိတ်တို့ကို ဖောက်ခွဲတိုက်ခိုင်ခဲ့ကြောင်း၊ လေးလုံးမြောက် တိုက်ခိုက်မှုကို ည ၈ နာရီ ၃၃ မိနစ်တွင် ကအဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့သည်ဟု ပြောဆိုသည်။
“ကျွန်တော်တို့ ဘေးကင်းတဲ့နေရာရောက်မှ ခွဲခဲ့တာပါ။ ပထမအလုံးက မျှားခေါ်တဲ့အလုံးပေါ့။ ပေါက်တဲ့အလုံးတွေမှာ ကျွန်တော်တို့ မိုင်းကွင်းထဲကို စစ်သားနဲ့ရဲတွေ ကွက်တိဝင်လာတာဆိုတော့ ကျိန်းသေထိခိုက်မှုများနိုင်တယ်၊ လေးလုံးမြောက်ကတော့ ၈ နာရီ ၃၃ မိနစ်မှာ ကျွန်တော်တို့ ဘေးကင်းတဲ့နေရာရောက်မှ အဝေးထိန်းစနစ်နဲ့ ခွဲခဲ့တာပါ” ဟု ပြောဆိုသည်။
ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲမှုအပြီးတွင် ပြောက်ကျားတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တွေ့ဆုံကာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သော်လည်း နှစ်ဘက် ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဒေသခံများ၏ အပြောအရ ၎င်း မိုင်းခွဲတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့၀င် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ကားဖြင့် တင်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရသည်ဟု ပြောဆိုသည်။
တိုက်ခိုက်မှုအပြီး ဧရာနဂါးညီနောင် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များအားလုံး ဘေးကင်းလုံခြုံသောနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဖောက်ခွဲမှုများ ပစ်ခတ်မှုများကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရသည့်အတွက် ပြည်သူများအား လေးလေးနက်နက် တောင်းပန်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။