ဒုတိယအကြိမ် ကချင်အမျိုးသားရေး မူဝါဒဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲ ကို နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်နေ့အထိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။
အစီစဉ်ကို KIO ဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေး နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့ (Kachin Political Consultative Team) ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ညီလာခံတွင် အဆိုတင်သွင်းထားသော ကဏ္ဍ ၅ ရပ်မှ အကြောင်းအရာများကို အတည်ပြုခဲ့သည်ဟု တွေ့ဆုံပွဲအပြီး သတင်းထုတ်ပြန်ထားသည်။
ယမန်နှစ် ၂၀၁၇ နိုဝင်ဘာ ပထမအကြိမ် တင်သွင်းခဲ့သော ကဏ္ဍ ၅ ရပ်မှာ နိုင်ငံရေးဆိုင်ရာ မူဝါဒ၊ လုံခြုံရေးနှင့် လူထု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒ၊ စီးပွားရေးဆိုင်ရာ မူဝါဒ၊ လူမှုရေးဆိုင်ရာ မူဝါဒ၊ ကချင်ရိုးရာယဉ်ကျေးမှုဆိုင်ရာ မူဝါဒများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်တွင်း ပြည်ပမှ ကချင်အမျိုးသားများ၊ ဘာသာရေးဆရာများ စုစုပေါင်း ၅၀၀ ခန့် ပါဝင်တက်ရောက်ခဲ့သည်ဟုသိရသည်။