နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဆရာသန်းစိုးနိုင်နှင့် အမေးအဖြေ
၂၁ ဧပြီ ၂၀၂၂
“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ အကြား ဧပြီလပထမအပါတ်တွင် ရှမ်းပြည်နယ်၊ အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မုန်းထနယ်မြေအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
အဆိုပါ တိုက်ပွဲက ဘာ့ကြောင့် ဖြစ်ပွားရတာလဲ၊ ထိုတိုက်ပွဲ၏ နောက်ကွယ်တွင် မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံများက ပါဝင်ပတ်သက်မှု ရှိနိုင်ပါသလဲ။ ရှမ်းမြောက်တွင် ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းက တိုက်ပွဲများ ရှမ်းတောင်ဘက်အထိ ကူးစက်လာပုံ စသည့်အကြောင်းအရာများကို နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ တိုင်းရင်းသားအရေး ကျွမ်းကျင်သူလည်းဖြစ်သူ ဆရာသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားသည်။
မေး – တိုက်ပွဲမဖြစ်တာ အတော်ကြာခဲ့ပြီဖြစ်တဲ့ RCSS နဲ့ UWSA ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲ တွေ ဖြစ်လာတယ်ပေါ့နော်။ ဒီတိုက်ပွဲတွေက ဘာ့ကြောင့် ဖြစ်လာတာလဲ၊ ဒီတိုက်ပွဲတွေရဲ့နောက်မှာ အင်အား ကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှု ရှိနိုင်လားပေါ့နော်။ ဦးသန်းစိုးနိုင်ရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ – ဒီမှာအင်အားကြီးနိုင်ငံတွေ ပါဝင်ပတ်သက်လားဆိုတာ ဒီတိုက်ပွဲတွေတော့ အင်အားကြီး နိုင်ငံ တွေရဲ့ ပါဝင်ပတ်သက်မှု မရှိပါဘူး။ သို့သော် ဖြစ်နေတဲ့ UWSA နဲ့ အဖွဲ့နှစ်ဖွဲ့အနေနဲ့ အင်အားကြီးနိုင်ငံနဲ့ အင်အား ကြီးနိုင်ငံလို့ ပြောရမယ့် ပြင်ပနိုင်ငံတွေရဲ့ ထောက်ခံအားပေးမှုတွေတော့ ရှိတယ်။ ဒါပေမယ့် ဒီနေ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ အင်အားကြီးနိုင်ငံတွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်တာမဟုတ်ဘူးလို့တော့ ပြောချင်တယ်။
မေး – RCSS က ရှမ်းပြည်နယ်တောင်ပိုင်းကနေ ရှမ်းမြောက်ကို ဝင်လာတာဟာ အရင်က သူတို့နေခဲ့တဲ့နေရာ ဖြစ်တယ်ဆိုတာမျိုး မီဒီယာမှာလည်း တောက်လျောက်ဖြေခဲ့တယ်။ ဒီမှာ တခုသိချင်တာက ဘာကြောင့် RCSS က မြောက်ပိုင်းနယ်မြေတွေကို ဒီလောက်ထိဝင်လာရတာလဲ၊ တကယ်ပဲ အရင်က နေခဲ့တဲ့နေရာမို့လို့လားပေါ့ နောက်ကွယ်မှာ တခြားဘယ်လို အကြောင်းအရင်းတွေ ရှိနိုင်လဲရှင့်။
ဖြေ – RCSS ဆိုတာ အရင်တုန်းက လက်နက်ချသွားတဲ့တဲ့ ကွယ်လွန်သွားတဲ့ ဦးခွန်ဆာရဲ့ နောက်ဆက်တွဲ အဖွဲ့လေ။ ဦးခွန်ဆာလက်နက်ချသွားတဲ့အချိန်မှာ အခု RCSS ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးယွတ်စစ်က လက်နက်မထားဘဲနဲ့ သူက တပ်ပြန်ထူထောင်တာပေါ့ဗျ။ အဲတော့ အခုပြောချင်တာက ဦးခွန်ဆာလည်း ရှမ်းသမ္မတနိုင်ငံထူထောင်ဖို့ ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်လေ၊ အဲ့တော့ အခုယွတ်စစ်ကလည်း သူတို့ရဲ့ ရှမ်းသမ္မတနိုင်ငံထူထောင်ရေး အိမ်မက်ရှိပုံရပါတယ်။ အဲ့တော့ သူ့သဘောထားက ရှမ်းလူမျိုးတွေရှိတဲ့နေရာ မှန်သမျှ သူနဲ့ဆိုင်တယ်၊ သူပါဝင် ပတ်သက်ရမယ်၊ သူ့ရဲ့လွမ်းမိုးမှုအောက်ရှိရမယ်ဆိုတဲ့ သဘောထားရှိတဲ့အတွက် အခုကျနော်တို့ မြောက်ပိုင်းမှာ ရှိနေတဲ့ သီပေါတို့၊ သိန္ဒီတို့၊ နမ့်ခမ်းထိပေါ့ဗျာ အဲ့ဒီဒေသတွေကို သူ့အနေနဲ့ ဒါတွေက ရှမ်းတွေရှိတဲ့အတွက် သူ့ နယ်မြေ ဝင်ရောက်နေရာယူဖို့ စဉ်းစားတာပေါ့။ အဲဒီမှာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒီအချိန်မှာ ယွတ်စစ်က NCA ထိုးထားတယ်။ SSPP မြောက်ပိုင်းက NCA လက်မှတ်မထိုးဘူး။ အဲ့ဒီအခါကျတော့ ဒီတပ်မတော်က ကျနော်တို့ ဒီ RCSS တပ်ဖွဲ့တွေ မြောက်ပိုင်းသွားလာရေးအတွက် ကူညီပေးခဲ့တယ်နော်။ နားလည်မှု ယူပေးခဲ့တယ်နော်။ အဲဒါကြောင့်မို့ ထောင်နဲ့ချီတဲ့ RCSS တပ်ဖွဲ့တွေ မြောက်ပိုင်းရောက်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်ခင်ဗျ။
မေး – အခုက တိုက်ပွဲတွေက NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းမြောက်ကနေ အခုရှမ်းတောင်ပေါ့နော် တိုက်ပွဲတွေ တောက်လျောက်ဖြစ်လာတယ်။ ပြီးတော့ RCSS နဲ့ SSPP ဖြစ်တယ်၊ RCSS နဲ့ TNLA ဖြစ်တယ်၊ စသဖြင့်ပေါ့နော်။ ဖြစ်လာရင်းကနေ အခု တောင်ပိုင်းမှာလည်း RCSS နဲ့ “ဝ” အဖွဲ့တို့ပြန်ဖြစ်တယ် အခုဒီရက်ပိုင်း ဒီလထဲမှာဆိုလို့ရှိရင်ပေါ့။ ဒီတိုက်ပွဲတွေက ဘာကြောင့်ဒီလိုမျိုးဖြစ်လာရတာလဲ၊ ပြီးတော့ ဒီတိုက်ပွဲတွေကြောင့် သက်ရောက်မှုတွေက ဘာတွေဖြစ်လာနိုင်လဲရှင့်။
ဖြေ – ဒီလိုပါဗျ အခုဖြစ်နေတဲ့တိုက်ပွဲက ဖွဲမီးလိုပေါ့။ တငွေ့ငွေ့လောင်နေတဲ့ ပဋိပက္ခတွေ ရှိခဲ့တယ်။ တငွေ့ငွေ့လောင်နေတဲ့ ပဋိပက္ခဆိုတာ အဲဒီ ဦးခွန်ဆာကို လက်နက်ချအောင် တိုက်ခဲ့တဲ့နေရာမှာ ကျွန်တော်တို့ တပ်မတော်ရဲ့ အကူအညီတောင်းမှုကြောင့် UWSA က ဝင်တိုက်ပေးတယ်။ UWSA က ဝင်တိုက်ပေးတဲ့ အခါကျတော့ UWSA ကို အဲ့ဒီ ဦးခွန်ဆာရဲ့ နယ်မြေတွေကို တပ်မတော်ကနေ ထိုးပေးလိုက်တယ်ပေါ့။ အဲဒီမှာ “ဝ” ကလည်းပဲ သူ့ရဲ့ “ဝ” လူမျိုး သုံးသောင်းလောက်ကို “ဝ” မြောက်ကနေပြီးတော့ အဲဒီ ၁၇၁ ဒေသကို ပြန်ပြီးတော့ နေရာရွေ့ပြောင်းပြီးတော့ အဲဒီမှာ အခြေချနေထိုင်ဖို့။ နောက်တစ်ခုက အဲဒီနေရာက ထိုင်းနိုင်ငံနဲ့ အဓိက ဘိန်းရောင်းဝယ်ရေး ဈေးကွက်ဖြစ်တာကိုး အရင် ဦးခွန်ဆာ ရဲ့နေရာက။ အဲတော့ အဲ့နေရာမှာ ၁၇၁ စစ်ဒေသဆိုပြီး UWSA က စစ်ဒေသထူထောင်ပြီးတော့ မြောက်ပိုင်းမှာရှိတဲ့ “ဝ”အမျိုးသားတွေ သောင်းနဲ့ချီပြီး ရွေ့လျားပြီးတော့ အဲဒီမှာ အခြေစိုက်တာ။
အဲဒီနောက်ပိုင်းမှာက ဒီ RCSS က ဦးယွက်စစ်ကလည်းပဲ သူက အရင်တုန်းက ဦးခွန်ဆာရဲ့နေရာ တစိတ်တပိုင်းဖြစ်တဲ့ စောစောက စစ်ဒေသ ၁၇၁ နဲ့ ဆက်စပ်နေတဲ့ နေရာ၊ လွယ်တိုင်းလျန်ပေါ့ဗျာ။ အဲဒီနေရာကို ဝင်ပြီး အခြေချတယ်။ အဲဒီတော့ အခြေချတဲ့အခါကြတော့ ပွင့်ပွင့်လင်းလင်း ပြောကြမယ်ဆိုရင် UWSA နောက်က တရုတ်ပြည်က အကူအညီပေးတယ်။ ဦးယွက်စစ်ကို ထိုင်းကနေပြီးတော့ ရှမ်းအချင်းချင်းဆိုပြီးတော့ သူတို့ ကူညီပေးတယ်။ နောက်တစ်ခုက UWSA အဲ့ဒီလို တရုတ်ကို ကျောထောက်နောက်ခံပြုထားတဲ့ အင်အား ထိုင်းနယ်စပ် ရောက်လာမှာကို စိုးရိမ်တဲ့ buffer zone အနေနဲ့ ဦးယွတ်စစ်ကို ထိုင်းက ကူညီပေးတာ ဖြစ်ပါ တယ်။ ဒါပေမယ့် အရင်တုန်းကတော့ ဒီဦးယွတ်စစ်ရဲ့ လွယ်တိုင်းလျန်နဲ့ ၁၇၁ စစ်ဒေသဟာ နယ်မြေချင်းဆက် စပ်နေပေမယ့် ပဋိပက္ခတွေ မရှိကြဘူး။ ဒါပေမယ့် အခုက မြောက်ပိုင်းမှာဖြစ်လာတဲ့ တိုက်ပွဲတွေရဲ့ အဆက်ပေါ့ ဗျာ။ အဲဒီတော့ မြောက်ပိုင်းမှာ ဖြစ်တဲ့ SSPP နဲ့ RCSS ဖြစ်နေတဲ့တိုက်ပွဲမှာ တောင်ပိုင်းကို RCSS ဆင်းလာရတဲ့ ကိစ္စကလည်း “ဝ” တပ်ဖွဲ့က ဒီ SSPP နဲ့ တအာင်းအဖွဲ့ကို အကူအညီပေးပြီးတော့ RCSS ကို တောင်ပိုင်းကို မောင်း ထုတ်တာဖြစ်တဲ့ အတွက် အခုသူတို့ လွယ်တိုင်းလျန် နဲ့ ၁၇၁ စစ်ဒေသ နယ်စပ်ချင်း နီးတဲ့နေရာမှာပါ အခုက တိုက်ပွဲက ဆက်ပြီးတော့ ဖြစ်လာတော့မှာပါ။
အဲဒီတော့ အဲဒီတိုက်ပွဲက “ဗေါင်းတော်မှာလှံခ ကျောင်းတော်က ရန်စ” ဆိုတော့ ဆက်ပြီးတော့ ဆက်ပြီးတော့ ဖြစ်မယ့်အနေအထားလေးတွေ ရှိပါတယ်။ နယ်မြေလုယက်ရေးပေါ့လေ၊ နယ်မြေတိုးချဲ့ရေး။ အထူးသဖြင့် အဲဒီနေရာက ထိုင်းနဲ့ ဘိန်းချက်လုပ်ရေး၊ ဘိန်းရောင်းဝယ်ရေးစတဲ့ အရေးကြီးတဲ့ စီးပွားရေးနေရာ ဖြစ်နေတဲ့ အခါကြတော့ တရုတ်ကလည်းပဲ ထိုင်းဘက်က အင်အားစုတွေ ဒီဘက်ကို တိုးလာမှာကို သူက မလိုလားဘူး။ ထိုင်းကလည်းပဲ တရုတ်နောက်ခံထားတဲ့ “ဝ” တပ်ဖွဲ့တွေ သူ့နယ်စပ်ရောက်လာမှာ မလိုလားဘူး။ အဲဒါကြောင့် တိုက်ပွဲဟာ ဆက်လက်ပြီးတော့ ဖြစ်ထွန်းနေလိမ့်မယ်။ ဒါပေမယ့် အတိုင်းအတာကြီးမားတဲ့ စစ်ပွဲကြီးတွေ ဖြစ် မယ်လို့တော့ မထင်ဘူး။ နယ်မြေလုယက်ရေး စစ်ပွဲတွေကတော့ ဖြစ်မှာပါပဲလို့ ကျနော် ယူဆပါတယ်။
မေး – ရေရှည်မှာ ဒီလိုပဲဖြစ်နေမယ်ဆိုရင် တိုက်ပွဲတွေရဲ့နောက်ကွယ်မှာ နိုင်ငံတကာရှုထောင့်နဲ့ ပြန်ကြည့်မယ် ဆိုရင် အမေရိကန်နဲ့ တရုတ်ရဲ့ Proxy War တွေ ရှမ်းပြည်နယ်မှာ ဖြစ်လာနိုင်လား၊ ဘယ်လိုသုံးသပ်လို့ ရမလဲ။
ဖြေ – အဲလောက်အခြေအနေထိ မရှိပါဘူး။ Proxy War တစ်ခုအထိ ဖြစ်လာနိုင်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းကိုလည်း အရင်တုန်းကလို အမေရိကန်က သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် သူ့အင်အားစု တစ်ရပ်အနေနဲ့ ထောက်ခံအားပေးနေတဲ့ အခြေအနေမဟုတ်ပါဘူး။ နောက်တစ်ခုက ထိုင်းနိုင်ငံမှာ အမေရိကန်အနေနဲ့ အခုဒီဒေသတွေ၊ အခုတိုက်ပွဲဖြစ်နေတဲ့ မိုင်းတုံတို့၊ မိုင်းဆတ်တို့၊ အဲဒီကနေပြီးမှ ထိုင်းနယ်စပ် တလျောက်က အမေရိကန်က စိတ်ဝင်စားတာက ဘိန်းပြဿနာပါပဲ။ အဲဒါကြောင့် အဲဒီမှာရှိနေတဲ့ အမေရိကန် အကြံပေးတွေက DEA အမေရိကန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အစည်းက အင်အားစုပါပဲ။ အမေရိကန်စစ်တပ်အနေနဲ့တော့ တိုက်ရိုက်ပါဝင်မှု မရှိပါဘူး။ အဲဒီတော့ DEA ပါလို့ရှိရင် CIA နဲ့ ဆက် စပ်မှုတော့ ရှိပါတယ်။ သို့သော် ပြောချင်တဲ့ အဓိပ္ပါယ်က အခုနလို Proxy War တရပ်ဖြစ်ဖို့အတွက်က ထိုင်းဘက်မှာလည်း အမေရိကန်စစ်အင်အားတွေက ကြီးကြီးမားမားမရှိဘူး။ နောက်တစ်ခုက တရုတ်ကိုလည်း ယှဉ်နိုင်လောက်တဲ့ စစ်အင်အားတည်ဆောက်မှုက ထိုင်းမှာ အမေရိကန် လုပ်မထားပါဘူး။ ဒါကြောင့်မို့ Proxy War အဆင့်တော့ မရောက်ဘူးလို့ ကျနော်တော့ မြင်တယ်။ ဒေသခံစစ်ပွဲလေးတွေလောက်နဲ့ပဲ ပြီးမှာပါ။
မေး – ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ဒီတောင်ပိုင်းကို ရွေ့လာတဲ့ တိုက်ပွဲတွေနဲ့ ရှမ်းပြည်နယ်တွင်းက ပဋိပက္ခတွေကြောင့် ရှမ်းပြည်နယ်ထဲမှာနေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအပြင် မြန်မာနိုင်ငံမှာရှိတဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအပေါ် ထိခိုက်မှု၊ နစ်နာမှုတွေ၊ အခုလောလောဆယ် ဘာတွေဖြစ်နိုင်မလဲ။ နွေဦးတော်လှန်ရေးနဲ့ရော ဆက်စပ်လားရှင့်။
ဖြေ – အခုလောလောဆယ် ဖြစ်နေတာက တစ်ပြည်လုံးမှာဖြစ်နေတဲ့ နွေဦးစစ်ဆင်ရေး၊ နွေဦးတော်လှန်ရေးနဲ့ အခု ရှမ်းပြည်မှာ ဖြစ်နေတဲ့ပြဿနာနဲ့က တခြားစီပါပဲ။ သီးခြားစီ ဖြစ်နေတာပေါ့။ ရှမ်းပြည်မှာဖြစ်နေတဲ့ ဆက်စပ်တဲ့တိုက်ပွဲနဲ့ ပြောရလို့ရှိရင် MNDAA ခေါ်တဲ့ ဦးဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့နဲ့ စစ်ကောင်စီနဲ့ မုံးကိုးဒေသမှာ တိုက်ပွဲဖြစ်နေတာတော့ ရှိပါတယ်။ အဲဒါကတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ ဆက်စပ်နေတဲ့ အတွက် နွေဦး စစ်ဆင်ရေးနဲ့ သွယ်ဝိုက်သောအားဖြင့် ဆက်စပ်မှုရှိပါတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ ရှမ်းပြည်က တိုက်ပွဲကတော့ ရှမ်းအမျိုးသား အချင်းချင်း နယ်မြေလုယက်ရေး၊ အခွန်ကောက်နယ်မြေ လုယက်ရေး၊ စစ်သားသစ် စုဆောင်းရေး စသည်အတွက် ဩဇာခံနယ်မြေ တိုးချဲ့နေတဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာလည်း အခုက RCSS တွေအနေနဲ့ လွယ်တိုင်းလျန်းဘက်ကို တပ်အင်အားတွေ ပြန်ပြီးဆုတ်နေရတဲ့အခြေအနေ ဖြစ်နေပါတယ်။ အခုကျန်နေတာက အလယ်ပိုင်း၊ ရှမ်းပြည်အလယ်ပိုင်းမှာတော့ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် အရင်တုန်းက ဗကပတွေ ရှိခဲ့တဲ့ နောင်လုံ၊ ကျောက်ဂူဘက်ကိုတော့ RCSS တချို့ရှိသေးတယ် ကြားတယ်။ အဲတော့ အဲဒီအင်အားတွေကိုလည်း ဆက်ပြီးတော့ SSPP နာမည်နဲ့ UWSA က ပါဝင်ကူညီ တိုက်ခိုက်သွားပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီတိုက်ပွဲလေးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့တော့ တောင်ပိုင်းပြန်ဆုတ်ရမယ့် အနေအထား ဖြစ်မယ့်လို့ ကျနော်ကတော့ မျှော်မှန်းပါတယ်။
မေး – နောက်ဆုံးတစ်ခု မေးချင်တာက နောက်ဆုံးဖြစ်ခဲ့တဲ့ SSPP နဲ့ RCSS တိုက်ပွဲမှာ အဲဒီကျောက်ဂူဘက်မှာ ဖြစ်တဲ့အခါမှာ RCSS ဘက်ကနေ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲပေးတယ်လို့ ပြောနေကြတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲရှင့်။
ဖြေ – တကယ်တမ်းပြောရလို့ရှိရင် ကျနော်တို့ ဒီ RCSS နဲ့ စစ်ကောင်စီနဲ့ အဆက်အစပ်ရှိပါတယ်၊ အကျိုးစီးပွားတွေ ဆက်စပ်မှုရှိပါတယ်။ NCA ထိုးထားတာ RCSS ပါ။ UWSA မဟုတ်ပါဘူး။ SSPP လည်း မထိုးပါဘူး။ ဒီတစုံတရာ စစ်ကောင်စီအနေနဲ့ ထောက်ခံမှုပေးမယ်ဆိုလို့ရှိရင် RCSS ကို ပေးမှာပါ။ သို့သော်ငြားလည်း အခုကတော့ ကျားနှစ်ကောင်ကိုက်တဲ့နေရာမှာ သူက တောင်ပေါ်က ထိုင်ကြည့်တဲ့ပေါ်လစီပဲ ဖြစ်မှာပါ။ အဲဒီတော့ လေယာဉ်၊ လေကြောင်းကနေပြီးတော့မှ လာကြည့်တာပဲ ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် ပါဝင်ပတ်သက်မယ်လို့တော့ ကျနော်တော့ သိပ်မထင်ပါဘူးခင်ဗျ။
NMG – ပေးပို့သည်။