၂ သြဂုတ် ၂၀၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရသလို ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်နေ့ကစပြီး ရေဖြူမြို့နယ်ထဲက ကျေးရွာတွေ ဖြစ်တဲ့ ဧကနိ၊ ခမောက်ချောင်း၊ ဇွမ်းတော့၊ ဝက်ချောင်းနဲ့ ရငဲကျေးရွာတွေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာပါ။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဟာ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ပြီး ကျေးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆက်တိုက်ပစ်ခတ်နေပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံ ၁၀၀၀ နီးပါးဟာ ဘေးလွတ်ရာနေရာတွေနဲ့ နီးစပ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးပုန်းခိုနေရတာပါ။
စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေ ထွက်ပြေးသွားတဲ့ နေအိမ်တွေကို ဝင်ရောက် မွှေနှောက်ပြီးနောက် တန်ဖိုးရှိပစ္စည်းတွေနဲ့ ဆိုင်ကယ်အစီး ၂၀ လောက် ယူဆောင်သွား ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရေဖြူမြို့နယ် ဧကနိနဲ့ခမောက်ချောင်းကျေးရွာက ဒေသခံ ၁၅ ဦးကို ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
ရေဖြူမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်စာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။