ကချင်လူငယ်ခေါင်းဆောင် သုံးဦးအပေါ်ချမှတ်သည့် တရားရုံးအမိန့်အား စစ်ရှောင်ဒုက္ခသည်များအပါအဝင် ပြည်သူ ၅၀၀၀ကျော် ဆန္ဒပြရှုံ့ချ

0
340

တိုက်ပွဲကြား ပိတ်မိနေသော ကချင်စစ်ပြေးဒုက္ခသည်တွေ လွတ်မြောက်ရေး ဆန္ဒပြခေါင်းဆောင် ၃ ဦးကို မြစ်ကြီးနား မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ၅ သိန်းချမှတ်လိုက်သည့်အပေါ် တရားစီရင်ရေးကို ရှုံချသော လူထု ဆန္ဒပြပွဲကို ဒီဇင်ဘာလ ၁၁ရက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ပါသည်။

လွန်ခဲ့သည့် မေလ ဆန္ဒပြရာမှ ဦးဆောင်သူ ၃ ဦးဖြစ်သော ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနှင့် ဒေါ်နန်ပူတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးမှ တရားလိုအဖြစ် ဦးတိုက်လျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့ အမိန့်ချမှတ်လိုက်ပါသည်။

“ဦးဇော်ဂျတ် ၊ ဒေါ်နန်ပူ၊ ဦးလွမ်းဇောင် ထောင်ဒဏ်နဲ ငွေဒဏ်ချမှတ်တာဟာ အရမ်းပြင်းထန်လွန်းတယ်။ လူထုအကျိုးအတွက် တက်ကြွလှုပ်ရှားသူတွေကို နောက်တစ်ခါ ဘာမှ မလုပ်ရဲအောင် သတိပေးတာ ဖြစ်တယ်လို့ မြင်တယ်။ ဒါကို လုံးဝ လက်မခံဘူး။ လုံးဝ ကန့်ကွက်တယ်။ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူ။ အမှန်တရားပေါ် ကျွန်တော်တို့ ကချင်တွေ အမြဲတမ်း ရပ်တည်နေတယ်ဆိုတာ ကမ္ဘာသိအောင်၊ မြန်မာအစိုးရ ၊ စစ်တပ် အားလုံး သိအောင် အခုလို ဆန္ဒဖော်ထုတ်တာဖြစ်တယ်” ဟု ဦးဆောင်သူ တစ်ဦး  ဦး Nwat Naw Awng (စာဂျီ) ပြောပါသည်။

တရားလိုနှင့်တကွ ၎င်း၏ သက်သေများမှ ယခုအမှု ကိစ္စနှင့် ပတ်သက်ပြီး ခိုင်လုံသော အကြာင်းပြချက်များကို ပြသ ပြောဆိုနိုင်ခြင်း မရှိသော်လည်း မြို့နယ် တရားရုံးမှ ပြင်းထန်သော စီရင်ချက် ချမှတ်ခြင်းမှာ မတရားမှု ဖြစ်ကြောင်း ယနေ့ ဆန္ဒဖော်ထုတ်သူများကို ပြောပါသည်။

ထို့ကြောင့် ဆန္ဒပြသူများက “မြစ်ကြီးနားမြို့နယ်တရားရုံးအား ပြင်းထန်စွာ ရှုံချရေး ၊ တရားမျှတမှုမရှိဘဲ ထောင်ချခံရသော ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူ တို့ အား ခြွင်းယွင်းချက်မရှိ အမြန်လွတ်ပေးရေး ၊ လူ့အခွင့်အရေးချိုးဖောက်သူများအား ထိရောက်စွာ အရေးယူပေးရေး ၊ အမှန်တရားဘက် ရပ်တည်မှု မရှိသော တရားသူကြီးအလိုမရှိ ၊ လွတ်လပ်ပြီး မျှတသော တရားစီရင်ရေး အမြန်ဆုံး ဖော်ဆောင်ရေး” ဟူသော ကြွေးကြာ်သံများ အသုံးပြုခဲ့ပါသည်။

“တနိုင်း အောင်လောဒ့်ဘက်က ပိတ်မိပြည်သူ လွတ်မြောက်ရေး ကြိုးစားခဲ့သူတွေကို ထောင်ချတယ်ဆိုတော့ ဒါ မခံမရပ်နိုင်လို့ ဒီနေ့ ဆန္ဒပြပွဲမှာ လာရောက်ပါဝင်တာ” ဟုလည်း မိုင်းနား စစ်ရှောင်စခန်းမှ ဘွေလပ်ဒေမီ က ပြောပါသည်။

မတရားသဖြင့် ထောင်ချခံရသော ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူတို့ ၃ ဦးကို အမြန်ဆုံး လွတ်ပေးရေး နှင့် တရားမျှတမှုကို ဖော်ဆောင်ပေးရေး ယနေ့ ဆန္ဒဖော်ထုတ်မှု ဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

ထို့အပြင် ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ သိက္ခာတော်ရ ဆရာဆမ်ဆွန် ကလည်း “ “မတရားမှုကို မကြိုက်ဘူး။ တရားမျှတမှုကိုမြတ်နိုးရာမှ စိတ်သဘောတူညီတယ်ဆိုတဲ့သဘောဖြစ်တယ်။ ဘာကြောင့်ဆိုတော့ ဒီခေါင်းဆောင် ၃ ဦးကို ထောင်ချတာဟာ ဒီပုဒ်မ ၅၀၀ ဟာ အောက်ပြည်မှာလည်း ရှိတယ်။ ဒါပေမယ့် ငွေဒဏ်နဲ့ပဲ ပြီးသွားတယ်။ ဒါကြောင့် ဒီနေ့ ကမ္ဘာအရပ်ရပ်ရောက်နေတဲ့ သူတွေကလည်း မြန်မာပြည်ရဲ့ မတရားမှုတွေက လွတ်မြောက်အောင် ဆုတောင်းကူပါ။ ကူညီပေးပါလို့ ပြောချင်ပါတယ်” ဟု ဆိုပါသည်။

ယနေ့ ဆန္ဒဖော်ထုတ်ပွဲမှာ မြစ်ကြီးနား၊ ဝိုင်းမော် ရှိ လူထု နှင့် စစ်ပြေးဒုက္ခသည်များ စုစုပေါင်း ၅ ထောင်ကျော် ပါဝင်ခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here