တရားစွဲဆို ခံနေရသော ကချင်သူငယ် ဆန္ဒပြပွဲ အမှု နောက်ဆုံး သက်သေကို စစ်ဆေး

By Staff 20 November, 2018 👁

တပ်မတော်ကိုအသရေဖျက်မှုဖြင့် တရားစွဲဆို ခံနေရသော ကချင်ဆန္ဒပြ လူငယ်ခေါင်းဆောင် ၃ဦး အမှု နောက်ဆုံးကျန်ရှိသော သက်သေတစ်ဦးကို ယနေ့ မနက် မြစ်ကြီးနား မြို့နယ်တရားရုံးတွင် ထပ်မံစစ်ဆေးခဲ့သည်။

တရားရုံး စစ်ဆေးမှုတွင် စစ်တပ်မှ Lai Nawng Hku (လိုင်နှောင်ခူး) ပိတ်မိပြည်သူများကို ‘ရိုက်နက် ခြိမ်းခြောက်’ မှုများ ပြုလုပ်သည်ဟု ပြောဆိုချက်ပေါ် မှန်ကန်မှုရှိ မရှိကို လက်တွေ့စစ်တပ်မှ ခေါ်ဆောင်သွားပြီး နှိပ်စက်မှုခံခဲ့ရသော Slg. Zaw Tawng (ဆလန် ဇော်တောင်)ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေ Mung Seng Tu က ကချင်သတင်းဌာန KNG ကို ပြောသည်။

လာမယ့် နိုဝင်ဘာလ ၂၈ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး တရားလိုပြုကာ ကချင်ဆန္ဒပြ ခေါင်းဆောင် Lum Zawng (လွမ်းဇောင်း)၊ Zau Jat (ဇော်ဂျတ်) နှင့် Nang Pau (ဒေါ်နန်ပူ) တို့ ကို စွဲဆိုထားသော အမှုကို အပြီးသတ်လျှောက်လွဲချက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သူက ဆက်ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး မြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့သောရုံးချိန်းအကြိမ်ပေါင်း(၂၉)ကြိမ်ရှိခဲ့ပြီး တရားလိုဖြစ်သူ မပခ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦးက ၃ကြိမ် တက်ရောက်ခဲ့ကြောင်းသိရသည်။