ဖားကန့် Jade Power မှ လျော်ကြေးမရသေးသော ရွာသားများ ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် ကြိုးစား

0
488
ဖားကန့် မှော်စီဇာ ကျောက်စိမ်းမှော်။ ဓါတ်ပုံ - နှောင်ရိုး

ဖားကန့်မြို့နယ်၊ မှော်စီဇာ(သက္ကယ်ကန်း)ရွာတွင် Jade Power ကုမ္မဏီမှ ကျောက်စိမ်းတူးဖော် ရန်အတွက် နေအိမ်များ ပြောင်းရွှေ့ရာတွင် ဒေသခံအချို့ လျော်ကြေးငွေ မရရှိသည့် ကိစ္စနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့်တွေ့ဆုံရန် မနေ့က အစိုးရရုံးသို့ ရောက်ရှိခဲ့ကြသည်။

“ခုကျမတို့နဲ့အတူ အိမ်ခြေ ၃၀မှာ ၁၅အိမ်ကတော့ပေးတယ်။ ကျန်တဲ့ ၁၅အိမ်ကိုတော့ တစ်ကျပ်မှ မပေးဘူး။ မပေးတာက စာရင်းမဝင်လို့ စာရင်းဝင်ချင်ရင် အုပ်ချုပ်ရေးမှူး ဆိုင်ရာကို ၅သိန်းပေးတယ်၊ ၃သိန်းပေးတယ် အဲလိုမျိုးဆိုရင် စာရင်းဝင်တယ်။ ခု ကျမတို့သွားတွေ့ချိန်က ပိုက်ဆံမပေးခဲ့တော့ ခုစာရင်းထဲမဝင်ဘူး အဲလိုဖြစ်သွားတာပေါ့၊ အဲဒါကြောင့် ကျမတို့ဒီထိ လာတာ” ဟု ဒေသခံ မလင်းလင်း က ကချင်သတင်းဌာန KNG ကို ပြောသည်။

လက်ရ်ှိ သာယာကုန်းရွာတွင် နေအိမ်စုစုပေါင်း ၂၄၆အိမ်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စာရင်းကောက်ရာတွင် ၂၁၆ အိမ်သာ တရားဝင်စာရင်း၌ ပါပြီး ကျန်သည့် အိမ်ခြေ ၃၀ အား နောက်တိုးဖြစ်သည်ဟုဆိုကာ ချန်လှပ်ထားခဲ့ကြကြောင်း သိရသည်။

“သူတို့တရားဝင် စာရင်းဝင်သွားတဲ့ ၂၁၆ အိမ်မှာ တချို့အိမ်တွေကျတော့ ကျနော်တို့ နဲ့ တန်းတူဆောက်တဲ့အိမ်တွေပါတယ်။ သူတို့ဘယ်လို စာရင်းဝင်သွားလဲ ဆိုတာတော့ မသိဘူး။ ကျနော်တို့ကိုကျတော့ နောက်တိုးဆိုပြီး ပယ်ထားခဲ့တယ်။ အဲပယ်ထားခဲ့တဲ့ နောက်တိုးအဖွဲ့မှာလည်း တချို့ကပြန်ရ သွားတယ်။”

ယခုကိစ္စနှင့် ပတ်သက်ပြီး လျော်ကြေးငွေများ မရရှိကြသည့် ဒေသခံများအနေနှင့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်စွာအောင်အား ဖြေရှင်းပေးရန် တိုင်တန်းခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမျိုး မရှိကြောင်း ဒေသခံများအား လိုုက်ပါကူညီပေးနေသူ ကျောင်းသားများ သမ္မဂအဖွဲ့ဝင် ဦးမန်းသန်းလှထံမှသိရသည်။

လက်ရှိတွင် လျော်ကြေးငွေနှင့်ပတ်သက်ပြီး အဆင့် A၊ B၊ C အဆင့် ၃ ဆင့်သတ်မှတ်ထားပြီး A အဆင့်သည် ကျပ် သိန်း ၈၀ မှ ၁၀၀ ဝန်းကျင်ထိရရှိပြီး B အဆင့်သည် သိန်း ၇၀၊ C အဆင့် သိန်း ၅၀ သတ်မှတ်ထားကြကြောင်း သိရသည်။

လျော်ကြေးမရရှိကြသည့် ဒေသခံများသည် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင် အား တွေ့ရန် ရောက်ရှိလာခဲ့ကြသော်လည်း တွေ့ခွင့်တောင်းထားခြင်းမရှိသည့်အတွက် လီဆူရေးရာဝန်ကြီး ဦးအာတီယောဟန်နှင့် တွေ့ခဲ့ကြကြောင်းသိရသည်။

ဝန်ကြီး ဦးအာတီယောဟန်သည် ၎င်းတို့က ယခုပတ်အတွင်း ဖားကန့်ဘက် ကွင်းဆင်းရန်ရှိကြောင်း နှင့် ကွင်းဆင်းချိန်တွင် ယခုအမှုကိုပါ အကောင်းဆုံးဖြေရှင်းပေးသွားမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ယခုကိစ္စအား လိုုက်ပါကူညီပေးနေသူ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ဒေသခံ ဦးမန်းသန်းလှ ထံမှသိရသည်။

လက်ရှိလျော်ကြေးမရရှိကြသည့် ဒေသခံအချို့သည် အိမ်ခန်းများ ငှားနေကြရပြီး တစ်လကို ၁သိန်းနှုန်းဖြင့် ငှားနေကြရသည့် အခက်ခဲများ ကြုံတွေ့နေကြရသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အမြန်ဆုံးဆောင်ရွက်ပေးစေချင်ကြောင်း ဒေသခံများက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here