ကချင်နိုင်ငံရေးပါတီများ အရည်အချင်းရှိရှိ မဲဆွယ်စည်းရုံးနိုင်ရန် (Election Campaign Management) အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ Wun Tawp Hotel တွင် စက်တင်ဘာလ ၇-၈ တွင် ပြုလုပ် ခဲ့ပါသည်။
Kachin Development Networking Group (KDNG) အဖွဲ့ ဦးဆောင်ပြီး ဆရာ Kap Khan Khul (International Republican Institute) မှ ပို့ချဆွေးနွေးပေးခဲ့သည်။
ယခင်ရွေးကောက်ပွဲများတွင် မဲဆွယ်စည်းရုံးရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကောင်းမွန်စွာ နားလည်သဘောပေါက်မှု မရှိခဲ့သောကြောင့် ဆုံးရှုံးနစ်နာမှုများရှိခဲ့ကြောင်းကို ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဦး Chyahkyi Pan Naw ပြောဆိုသည်။
“လွန်ခဲ့တဲ့ ၂၀၁၅ရွေးကောက်မှာ ကျနော်တို့ကချင်ပါတီများ တော်တော်လေး ဆုံးရှုံးနစ်နာခဲ့ရတယ်။ ဒီတစ်ခေါက်က ကချင်ပါတီ (၄)ပါတီများ စုံစုံလင်လင် တွေ့ရတဲ့အတွက် အရမ်းပျော်တယ်။ ရောက်ရှိတော့မယ့် ရွေးကောက်ပွဲကို စိတ်လှုပ်ရှားနေပါတယ်” ဟု ကချင်သတင်းဌာန KNG ကို ပြောဆိုသည်။
ရွေးကောက်ပွဲအချိန်ကာလ မတိုင်မှီ ယခုလို ရွေးကောက်ပွဲနှင့်ပတ်သက်သော သိသင့်သိထိုက်သော နည်းဥပဒေများကို ဆွေးနွေးခွင့်ရသောကြောင့် အထူးဝမ်းသာကြောင်းကိုလည်း ပြောဆိုသည်။
ထို ဆွေးနွေးပွဲကို ကချင်ပါတီပေါင်းစည်းအဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ရွေးကောက်ပွဲဆိုင်ရာ စေတနာ့ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၅၀)ခန့် ဆွေးနွေးပါဝင်ခဲ့ခြင်းဖြစ်သည်။