၂၅ နိုဝင်ဘာ ၂၀၂၂
မကွေးတိုင်း မြိုင်မြို့နယ် အတွင်းက ဗဟင်းရဲစခန်းနဲ့ ဗဟင်းကျေးရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကြောင်းကိုလာကြိုတဲ့ ကားတန်းမိုင်းဆွဲခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂) ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါ တယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃) ရက်နေ့က ဗဟင်းကျေးရွာက ရဲစခန်းနဲ့ လူနေအိမ်(၅၀) ကျော်ကို မီးရှို့ ပြီးပြန်ထွက်လာတဲ့ စစ်ကြောင်းကို မြိုင်မြို့ပေါ်က ကားတွေနဲ့ လာကြိုချိန်တိုက်ခိုက်ခံလိုက်ရတာ ပါ။
“စစ်ကြောင်းက သူတို့ မိသားစုတွေလဲပါတဲ့ကားတစီးက အရှေ့ကသွားတာ မိသားစုတွေပါတဲ့ ကားကို မခွဲဘဲနဲ့ အနောက်က သူတို့ပါတဲ့ကားကို ပေပါမိုင်း (၂) လုံး၊ ရှေ့ထွက်ပြောင်း (၆) လုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် (၁၂) ဦးသေတယ် ဒဏ်ရာရတဲ့သူတွေလဲများတယ်” လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မြိုင်မြို့ထဲဝင်ချိန်မှာလည်း သူတို့ရဲ့ စခန်းရှေ့က ဘယ်ရီဂိတ်တွေကို တိုက်ချပြီး မောင်းဝင်သွားတဲ့ အခြေအနေရှိတယ်လို့ သူက ပြောပါသေးတယ်။
မြိုင်မြို့နယ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့စခန်း အသိမ်းခံရမှာ ကြောက်ရွံ့လို့ သူတို့ကိုယ်တိုင် မီးရှို့ပြီး ထွက်ခွာကြတာဖြစ်တယ်လို့ သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြိုင်မြို့နယ် ကြောင်ကန်ကျေးရွာက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် (၁၀) လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းအတွက ပြည်သူပိုင်နေအိမ် ထောင်နဲ့ချီကို နေ့စဉ်လိုလို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။